MySport Myanmar

ရှက်ဖီးလ် ကွင်းလယ်ဗိုလ်ချုပ် ဆန်ဒါဘာ့ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီဗာပူး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် ချန်ပီယံရှစ်ကလပ် ရှက်ဖီးလ် ယူနိုက်တက်ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ဆန်ဒါဘာ့ချ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဂျာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးဟာ လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်းအကောင်းဆုံး အသင်းနှစ်သင်းထဲက တသင်း အဖြစ် ရပ်တည်နိုင်နေပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားပိုင်းဟာ အတော်လေးကို နည်းပါးနေပြီး အထူးသဖြင့် ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦးသာ ရှိနေတဲ့ ကွင်းလယ်ပိုင်းက သူတို့အသင်းရဲ့ အားအနည်းဆုံး နေရာတခု ဖြစ်နေပါတယ်။

Photo Credit: Liverpool Echo

ဒါကြောင့်ပဲ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူတို့အသင်းဟာ ကွင်းလယ်လူသစ် တဦးအား ခေါ်ယူရန် ကြိုးစားနေကြောင်းကို လူသိရှင်ကြား ပြောကြားခဲ့ပြီး လက်ရှိမှာ လီဗာပူးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက အသင်းရဲ့ ကွင်းလယ်ကို အင်အားမြှင့်တင်ပေးနိုင်မယ့် ကွင်းလယ်လူ တဦးကို ရှာဖွေနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Independent သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးက သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ရှက်ဖီးလ် ယူနိုက်တက် ကွင်းလယ်ဗိုလ်ချုပ် ဆန်ဒါဘာ့ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဆန်ဒါဘာ့ချ်ဟာ လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်ရဲ့ စိတ်ကြိုက် ကွင်းလယ်လူ တဦးလည်း ဖြစ်ကြောင်း သိရပါတယ်။

 

Photo Credit: Liverpool Echo

အသက် ၂၄နှစ် အရွယ် နော်ဝေလက်ရွေးစင် ကွင်းလယ်လူ ဆန်ဒါဘာ့ချ်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ဆန်ဒါဘာ့ချ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ပေါင် ၃၅သန်း ရှိကာ ဆန်ဒါဘာ့ချ်ဟာ လီဗာပူးရဲ့ ကမ်းလှမ်းမှုကိုသာ ရလာရင် လက်ခံဖို့ စဉ်းစားထားကြောင်း နီးစပ်သူတွေက ပြောကြားထားပါတယ်။

လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Liverpool Echoကလည်း လီဗာပူးဟာ ဆန်ဒါဘာ့ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းအား ထပ်ဆင့် အတည်ပြုပေးခဲ့ပြီး လီဗာပူးက ဆန်ဒါဘာ့ချ်အပြင် လိုက်ပ်ဇစ်ကွင်းလယ်လူ လိုင်မာကိုပါ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဆိုပါတယ်။

Exit mobile version