အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ စပိန် လာလီဂါ ချန်ပီယံ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အသီးသီး ဖော်ပြသွားကြပါတယ်။ လီဗာပူးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကွင်းလယ်လူ တဦး ဖြစ်တဲ့ ဝစ်နယ်ဒန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ထားရသလို အသင်းရဲ့ နောက်ထပ် ကွင်းလယ်လူ တဦး ဖြစ်တဲ့ နာဘီကီတာကိုလည်း ရောင်းချဖို့ စီစဉ်ထားတာကြောင့် အသင်းရဲ့ ကွင်းလယ်အင်အား အတွက် အသင့်သုံး ကွင်းလယ်လူ တဦးကို ရှာဖွေနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဝစ်နယ်ဒန်နဲ့ နာဘီကီတာတို့ကို ဖယ်ထုတ်လိုက်ပါက လက်ရှိ လီဗာပူးအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဟန်ဒါဆန် ၊ ချိန်ဘာလိန် ၊ အယ်ကန်တာရာ ၊ ကာတစ်ဂျုံးစ်နဲ့ ဖာဘင်ဟိုတို့သာ ကျန်ရှိတော့ပြီး ချိန်ဘာလိန်နဲ့ ကာတစ်ဂျုံးစ် တို့ဟာ ပွဲထွက် ကစားသမားအဖြစ် အသုံးပြုလို့ မရတာကြောင့် လီဗာပူးအသင်းရဲ့ ကွင်းလယ်အင်အားဟာ အတော်လေးကို အားနည်းနေတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်ပဲ လီဗာပူးအသင်းဟာ နွေဈေးကွက် အတွင်းမှာ ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ထွက်ခွာဖို့ တာစူနေတဲ့ ဆာအူလ်ဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ်တခု ဖြစ်လာကြောင်း မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

Photo Credit: Standard

အသက် ၂၆နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ဆာအူလ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတဦး ဖြစ်ပေမယ့် လက်ရှိမှာ အသင်းရဲ့ နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပြီး အက်သလက်တီကို မက်ဒရစ်ကလည်း ဆာအူလ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ဆာအူလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာပြီး ဆာအူလ်ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို ၁၅၀သန်း ဖြစ်ပေမယ့် အက်သလက်တီကို မက်ဒရစ် အသင်းဟာ ဆာအူလ်ကို ယူရို ၁၅၀သန်းထက် များစွာ လျော့နည်းတဲ့ ပမာဏတခုနဲ့ ရောင်းချဖို့ ပြင်ဆင်နေတယ် လို့ သိရပါတယ်။ စပိန်ဘောလုံးရေးရာ ကျွမ်းကျင်သူတွေ ကတော့ လီဗာပူးအသင်းဟာ ဆာအူလ်ကို ခေါ်ချင်ရင် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းခန့် ပေးချေရနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။