ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ နယ်သာလန်လိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဗွီအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ မေလန်ကို ခေါ်ယူဖို့ ဘွန်ဒက်လီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းနဲ့ အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားပါတယ်။ အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး မေလန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ နယ်သာလန်လိဂ်ရဲ့ အတောက်ပဆုံး တိုက်စစ်မှူးတဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ယူရို၂၀၂၀ပြိုင်ပွဲမှာလည်း နယ်သာလန်အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်လာမယ့် တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။

Photo Credit: Metro

အာဆင်နယ်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်သူ မေလန်ဟာ ပီအက်စ်ဗွီအသင်းနဲ့ ၂၀၂၄ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိတဲ့ ကစားသမား ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဗွီအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ အထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၂၇ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောင်းချမယ့် ဒေါ့မွန်အသင်းဟာ မေလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး လက်ရှိမှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စဉ်းစားနေတဲ့ လီဗာပူးအသင်းဟာလည်း မေလန်ကို စိတ်ဝင်စားလာပါတယ်။

Photo Credit: Metro

ဂျာမန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germanyရဲ့ ဖော်ပြချက်အရ ကနဦးမှာ မေလန်ကို ခေါ်ယူဖို့ ဒေါ့မွန်အသင်း တသင်းထဲကပဲ စိတ်ဝင်တစား ကြိုးစားနေပေမယ့် လက်ရှိမှာ လီဗာပူးအသင်းကလည်း မေလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး လီဗာပူးအသင်းဟာ အသင်းရဲ့ တိုက်စစ်မြှားဦးမှာ ပုံမှန် ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရတဲ့ ဖာမီနိုရဲ့ နေရာနဲ့ ၊ အသင်းကနေ ထွက်ခွာနိုင်ချေ ရှိနေတဲ့ အဓိက တိုက်စစ်မှူး ဆာလာရဲ့ နေရာ အတွက် မေလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ကြောင်း သိရပါတယ်။ ပီအက်စ်ဗွီအသင်း ကတော့ သူတို့အသင်းရဲ့ တိုက်စစ်မှူး မေလန်အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် အလိုရှိနေပြီး မေလန်ကတော့ ဒေါ့မွန်အသင်းထက် လီဗာပူးအသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။