ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကို စွန့်ခွာတော့မယ့် နည်းပြချုပ် ယာဂင် ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြတွေကို လိုက်လံ ရှာဖွေနေရာ သူတို့ရဲ့ နည်းပြလောင်းစာရင်းထဲ စပါးနည်းပြချုပ် ပိုစတီဂိုဂလူကိုပါ ထည့်သွင်းထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၅၇နှစ် အရွယ် ဂျာမန်လူမျိုး ထိပ်သီးနည်းပြ ယာဂင် ကလော့ပ်က လီဗာပူးကို ၂၀၁၅ခုနှစ်မှ စတင်ကာ တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ၉နှစ်တာ ကာလအတွင်းမှာ လီဗာပူးအတွက် ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဥရောပစူပါဖလား ၁ကြိမ် ၊ ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကာရာဘောင်းဖလား ၁ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ် စုစုပေါင်း ဆုဖလား ၇လုံး အထိ ရယူပေးခဲ့ပါတယ်။

Photo Credit: BBC

ကလော့ပ်က လီဗာပူးနဲ့အတူ အောင်မြင်မှုတွေ တောက်လျှောက် ရယူနိုင်ခဲ့ပေမယ့် ၂၃နှစ်လုံးလုံး နည်းပြအလုပ်ထဲမှာ နစ်မြုပ်ခဲ့ရတာကြောင့် ပင်ပန်းလာခဲ့ပြီး ကလော့ပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ လီဗာပူးကို စွန့်ခွာကာ နည်းပြဘဝ ကနေ ခေတ္တ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လီဗာပူးက ရာသီကုန်မှာ ကလော့ပ်ကို လက်လွှတ်ရဖို့ သေချာသွားတာကြောင့် ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြတွေကို စတင် ရှာဖွေနေပြီး လီဗာပူးရဲ့ ပစ်မှတ်စာရင်းထဲမှာ အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ အလွန်ဆို (လေဗာကူဆင်) ၊ ဂျာရတ် (အတ်တီဖတ်) တို့ ပါဝင်နေပါတယ်။

Photo Credit: Daily Star

လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဖြစ်သူ ဂျိမ်းစ် ပီယာ့စ်ရဲ့ ဖော်ပြချက်အရ လီဗာပူးက အလွန်ဆို ၊ ဂျာရတ် စတဲ့ အသင်းရဲ့ ကစားသမားဟောင်းတွေကို နည်းပြသစ် ခန့်ဖို့ စဉ်းစားနေသလို ဒီဇာဘီ ၊ ပိုစတီဂိုဂလူ စတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ အသားကျပြီးသား ထိပ်တန်းနည်းပြတွေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ပီယာ့စ်က စပါးနည်းပြချုပ် ပိုစတီဂိုဂလူဟာ လီဗာပူးရဲ့ အမာခံပရိသတ် ဖြစ်ပြီး ပိုစတီဂိုဂလူက လက်ရှိမှာ စပါးကို တာဝန်ယူထားပေမယ့် အကယ်၍ လီဗာပူးကသာ ပိုစတီဂိုဂလူကို ကမ်းလှမ်းမှု လုပ်ခဲ့မယ် ဆိုရင် ပိုစတီဂိုဂလူဟာ လီဗာပူးဆီ ပြောင်းလာနိုင်ကြောင်းလည်း ဆိုထားပါတယ်။