MySport Myanmar

ဝုဖ်ဘက်ခံစစ်မှူး မာဆန့်စ် လက်ခရို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီဗာပူး

ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက ယမန်နေ့ မနက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် ၀-၂ လီဗာပူး ပွဲစဉ်မှာ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာ ရရှိသွားတဲ့ ဗဟိုခံစစ်မှူး မာတစ်ကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူဖို့ ကြိုးစားတော့မယ်လို့ သိရပါတယ်။

လီဗာပူးက ခံစစ်ပိုင်းမှာ ဗန်ဒိုက် ၊ မာတစ် ၊ ဂိုမက်စ် ၊ ကိုနာတေး ၊ ကွမ်ဆက် စတဲ့ ဗဟိုခံစစ်မှူး ၅ဦးကို ပိုင်ဆိုင်ထားပေမယ့် မာတစ်ဟာ ဒူးဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူရဖို့ ရှိနေသလို ဂိုမက်စ်နဲ့ ကွမ်ဆက်ကလည်း ယုံကြည်လို့ မရသေးပါဘူး။

Photo Credit: Football Transfer

ဒါကြောင့်ပဲ လီဗာပူးနည်းပြချုပ် ကလော့ပ်နဲ့ အသင်းရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ ဗဟိုခံစစ်မှူးသစ် တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီဗာပူးရဲ့ ကင်းထောက်တွေကလည်း စာချုပ်သက်တမ်း ၂နှစ်အောက်သာ ကျန်တော့တဲ့ ဗဟိုခံစစ်မှူးတွေကို လိုက်လံ ရှာဖွေနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးက ဝုဖ်ဘက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ပြင်သစ်ခံစစ်မှူး လက်ခရို့စ်ကို ​ခေါ်ယူဖို့ စောင့်ကြည့်နေပြီး လက်ခရို့စ်ဟာ ဝုဖ်ဘက်နဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တာကြောင့် လျှော့ဈေးနဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Mirror

အသက် ၂၃နှစ် အရွယ် လက်ခရို့စ်က ၂၀၂၀ခုနှစ်မှာ ပြင်သစ်ကလပ် ဆိုးချော့ ကနေ ဝုဖ်ဘက်ထံ ပြောင်းရွှေ့ကြေး ယူရို ၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ဝုဖ်ဘက်နဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပါတယ်။

လက်ခရို့စ်က ၄ရာသီ အတွင်းမှာ ဝုဖ်ဘက်အတွက် ပြိုင်ပွဲစုံ ၁၁၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပြီး ဝုဖ်ဘက်ကတော့ လက်ခရို့စ်ကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် ရမှသာ ရောင်းချဖွယ် ရှိနေပါတယ်။

Exit mobile version