MySport Myanmar

ဂလာဘက်နဲ့ ဂျပန်ခံစစ်မှူး အီတာကူရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီဗာပူး

ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက သူတို့အသင်းရဲ့ ခံစစ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် မိုချန်ဂလာဘက်မှာ ကစားနေတဲ့ ဂျပန်ခံစစ်မှူး အီတာကူရာကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း နာမည်ကြီး သတင်းထောက် ပက်ထရစ် ဘာဂျာက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရရှိနေပေမယ့် သူတို့ရဲ့ ခံစစ်ကြောင်းမှာ ကစားသမားအင်အား နည်းပါးနေတာကြောင့် ယခု ဆောင်းဈေးကွက် (သို့) လာမယ့် နွေဈေးကွက်မှာ ဗဟိုနောက်ခံလူသစ် တဦး ခေါ်ယူဖို့ စဉ်းစားထားပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ လီဗာပူးက စပို့တင်းလစ္စဘွန်း ခံစစ်မှူး အင်နာစီယို ၊ နိုက်စ်ခံစစ်မှူး တိုဒီဘို စတဲ့ ဗဟိုနောက်ခံလူတွေကို ခေါ်ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို လီဗာပူးရဲ့ ကင်းထောက်တွေက ဥရောပအနှံ့ ခြေဆန့်ကာ သူတို့အသင်းနဲ့ သင့်တော်မယ့် ဗဟိုခံစစ်မှူးတွေကို လိုက်လံ ရှာဖွေနေပါတယ်။

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် ဂျပန်လက်ရွေးစင် ဗဟိုနောက်ခံလူ အီတာကူရာက ၂၀၂၂ခုနှစ်မှာ မန်ချက်စတာ စီးတီး ကနေ မိုချန် ဂလာဘက်ဆီ ပြောင်းရွှေ့ကြေး ယူရို ၅သန်းနဲ့ ပြောင်းရွှေ့ပြီးနောက် အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက ယခုနှစ်ရာသီမှာ ဂလာဘက် အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။

Photo Credit: Team Talk

အီတာကူရာက ဗဟိုခံစစ်ရဲ့ ဘယ် ၊ ညာ နှစ်နေရာစလုံးမှာ ကစားနိုင်သလို လိုအပ်ရင် ကွင်းလယ်ခံစစ် ကစားသမား အဖြစ်ပါ ကစားနိုင်စွမ်း ရှိပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ပက်ထရစ် ဘာဂျာရဲ့ ဖော်ပြချက်အရ လီဗာပူးက အီတာကူရာကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေပြီး အီတာကူရာရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၁၀သန်းနဲ့ ၁၅သန်း ကြားမှာ ရှိကြောင်း သိရှိရပါတယ်။

Exit mobile version