ယမန်နေ့ညမှာပဲ ရာသီကုန်ရင် အသင်းရဲ့ နည်းပြချုပ် ယာဂင် ကလော့ပ်နဲ့ လမ်းခွဲတော့မယ်လို့ တရားဝင် ကြေညာခဲ့တဲ့ လီဗာပူးက ယာဂင် ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြကို စတင် ရှာဖွေနေပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဘရိုက်တန်နည်းပြချုပ် ဒီဇာဘီကို သဘောကျနေကြကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၅၆နှစ် အရွယ် ဂျာမဏီလူမျိုး ထိပ်သီးနည်းပြ ယာဂင် ကလော့ပ်က ၂၀၁၅ခုနှစ်မှ စတင်ကာ လီဗာပူးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ၉နှစ်တာ ကာလအတွင်းမှာ လီဗာပူးအတွက် ချန်ပီယံလိဂ် ၁ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ၇လုံး အထိ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ကလော့ပ်က လီဗာပူးနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် ကလော့ပ်ဟာ နည်းပြဘဝကို စိတ်ကုန်လာတာကြောင့် လီဗာပူးကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး လီဗာပူးကလည်း ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကို တလေးတစား လက်ခံပေးခဲ့ပါတယ်။

လက်ရှိမှာတော့ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ကလော့ပ်ရဲ့ နေရာကို ဝင်ရောက်နိုင်မယ့် နည်းပြတွေကို စတင် ရှာဖွေနေပြီး လီဗာပူးရဲ့ ပစ်မှတ်စာရင်းထဲမှာ ကစားသမားဟောင်း ဇာဘီ အလွန်ဆို (လေဗာကူဆင်) ၊ ဂန္တဝင် ကစားသမားကြီး ဂျာရတ် (အတ်တီဖတ်)နဲ့ ဒီဇာဘီ (ဘရိုက်တန်) တို့ ပါဝင်နေပါတယ်။

Photo Credit: Sky Sports

အဆိုပါ နည်းပြ ၃ဦးအနက် စတီဗင် ဂျာရတ်ဟာ မကြာသေးမီကမှ အတ်တီဖတ်နဲ့ ကာလရှည်စာချုပ် ချုပ်ဆိုထားတာကြောင့် လီဗာပူးနည်းပြသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း နည်းနေပြီး ဇာဘီ အလွန်ဆိုနဲ့ ဒီဇာဘီတို့ နှစ်ဦးထဲက တဦးသာ လီဗာပူးနည်းပြ ဖြစ်လာဖို့ ရာခိုင်နှုန်း များနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ မက်လီဆာ ရက်ဒီရဲ့ ဖော်ပြချက်အရ လီဗာပူးက ဘရိုက်တန်နည်းပြချုပ် ဒီဇာဘီကို ကာလရှည် စိတ်ဝင်စားခဲ့ပြီး ဒီဇာဘီ တယောက် အီတလီကလပ်တွေ ဖြစ်တဲ့ ဆက်ဆူအိုလို ၊ ပါလာမို ၊ ဘီနီဗန်တို စတဲ့ အသင်းတွေကို ကိုင်တွယ်နေစဉ်ကတည်းက လီဗာပူးရဲ့ တာဝန်ရှိသူတွေဟာ ဒီဇာဘီကို ခေါ်ယူဖို့ စဉ်းစားဖူးတာကြောင့် ဒီဇာဘီဟာ အလွန်ဆိုကို ကျော်ကာ လီဗာပူးရဲ့ နည်းပြသစ် ဖြစ်လာဖို့ အလားအလာကောင်းနေကြောင်း သိရှိရပါတယ်။