ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ အသက်အရွယ် ရလာတဲ့ အသင်းရဲ့ တိုက်စစ်မှူး ဖာမီနို ၊ မာနေးနဲ့ ဆာလာတို့ရဲ့ အနာဂတ် မရေရာမှုတွေကြောင့် ဝုဗ်အသင်းနဲ့ အတူ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပြနေတဲ့ ကိုရီးယား တိုက်စစ်မှူး ဟွမ်ဟီချန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်မှူး ဟွမ်ဟီချန်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျာမန် နာမည်ကြီးကလပ် လိုက်ပ်ဇက်အသင်း ကနေ ဝုဗ်အသင်းထံ တရာသီအငှားနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ ကာလတန်ကြေးက ယူရို ၁၀သန်း ဝန်းကျင် ရှိပါတယ်။

Photo Credit: Metro

ဟွမ်ဟီချန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဝုဗ်အသင်း အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ပြီး သူ့ရဲ့ နေရာယူမှုတွေနဲ့ အတိုးအလှုပ်တွေက စပါးအသင်းရဲ့ တောင်ကိုရီးယား ကြယ်ပွင့် ဆွန်ဟောင်မင်နဲ့ တူတယ်လို့ ချီးကျူးခံထားရပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဝုဗ်အသင်းနဲ့ အငှားစာချုပ် ပြည့်မယ့် ဟွမ်ဟီချန်ရဲ့ အနေအထားကို အနီးကပ် စောင့်ကြည့်နေပြီး လိုက်ပ်ဇက်အသင်းကသာ ဟွမ်ဟီချန်ကို အပြီးသတ် ရောင်းချဖို့ ဆန္ဒရှိရင် ဟွမ်ဟီချန်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

ဟွမ်ဟီချန်ဟာ အထောင်တိုက်စစ်မှူး ၊ နောက်ချန်တိုက်စစ်မှူးနဲ့ ညာတောင်ပံ ၊ ဘယ်တောင်ပံတို့ အားလုံးမှာ ကစားနိုင်စွမ်း ရှိတာကြောင့် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ်က ဟွမ်ဟီချန်ကို ဖာမီနိုရဲ့ နေရာ အတွက် တိုက်ရိုက် အစားထိုးမှု အဖြစ် ရှုမြင်နေကြောင်းလည်း လီဗာပူးအသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။