ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ ဗီလာရီးရဲလ်အသင်းနဲ့ အတူ ယခုနှစ် ဘောလုံးရာသီမှာ တောက်ပနေတဲ့ တောင်ပံတိုက်စစ် ကစားသမား ဒမ်ဂျူမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဂျူမာဟာ ယခုနှစ် ဘောလုံးရာသီမှာ ဗီလာရီးရဲလ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၉ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ဥရောပ အခြေစိုက် ထိပ်တန်းအသင်းတွေက ဒမ်ဂျူမာရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ သူတို့အသင်းရဲ့ ကင်းထောက်တွေကို စေလွှတ်ထားကြပြီး လီဗာပူးအသင်း ကတော့ ဒမ်ဂျူမာကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံးအသင်း ဖြစ်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ဒမ်ဂျူမာကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေပေမယ့် ဒမ်ဂျူမာကို ခေါ်ယူမယ့် အစီအစဉ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ ရောက်မှသာ စတင် အကောင်အထည် ဖော်ဖွယ်ရှိကြောင်း သိရပါတယ်။

Photo Credit: Express

ဒမ်ဂျူမာဟာ ဗီလာရီးရဲလ်အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်တာကြောင့် ဗီလာရီးရဲလ်အသင်းက ဒမ်ဂျူမာရဲ့ တန်ကြေးကို ယူရို ၆၀သန်း အထိ သတ်မှတ်ထားကြောင်း ဗီလာရီးရဲလ်နဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။