ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘိုင်ယန်မြူးနစ်အသင်းဆီ တစ်ရာသီအငှားခဲ့တဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုကို ဒီရာသီအတွင်းမှာတော့ အသင်းကနေ ရောင်းချသွားခြင်း ဒါမှမဟုတ် အငှားချသွားခြင်းတွေ လုပ်ဆောင်တော့မှာမဟုတ်ပဲ အသင်းရဲ့တိုက်စစ်အတွင်း ပြန်လည်နေရာပေးသွားဖို့ရှိနေပါတယ်။ တကယ်လို့ အသင်းမှာသာ ဆက်လက်သုံးစွဲဦးမယ်ဆိုရင်တော့ ဘာစီလိုနာအသင်းအနေနဲ့ ကော်တင်ဟိုရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းဆီ ပေါင်(၄.၅)သန်းခန့် ပေးဆောင်ရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football.London

Sport သတင်းမီဒီယာရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အသက်(၂၈)နှစ်အရွှယ် ဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုကို လာမယ့်ရာသီအတွင်း ပြိုင်ပွဲစုံပွဲ(၁၅)အထိ ဆက်လက်အသုံးပြုမယ်ဆိုရင် ကော်တင်ဟိုရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းဆီကို အပိုဆုကြေးအဖြစ် ပေါင်(၄.၅)သန်းအထိ ပေးချေသွားရမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာအသင်းဟာ ၂၀၁၈ခုနှစ်တုန်းက ကော်တင်ဟိုကို လီဗာပူးလ်ကနေ ခေါ်ယူခဲ့စဉ်အတွင်း ပွဲထွက်ခွင့်နဲ့ပတ်သက်ပြီး အပိုဆုကြေးတွေကို ထည့်သွင်းထားခဲ့ကာ အသင်းနဲ့အတူ (၁၅)ပွဲကစားပြီးတိုင်း ယူရို(၅)သန်း (ပေါင်(၄.၅)သန်း) ပေးချေရမယ်လို့ စာချုပ်ထဲ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

Photo Credit : Mirror

လက်ရှိမှာ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းအတွက် (၇၆)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီးပြီဖြစ်ပြီး ပွဲ(၉၀)သာပြည့်လိုက်မယ်ဆိုရင်တော့ ဘာစီလိုနာက လီဗာပူးလ်အသင်းဆီကို ပေါင်(၄.၅)သန်း ပေးချေရတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို လီဗာပူးလ်ကနေ ပေါင်(၁၄၅)သန်းနဲ့ ခေါ်ယူထားခဲ့ရတာဖြစ်ပြီး ကော်တင်ဟိုက အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရလို့ ဘိုင်ယန်အသင်းဆီ တစ်ရာသီအငှားချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကော်တင်ဟိုဟာ အငှားသွားကစားခဲ့ရတဲ့ ဘိုင်ယန်အသင်းနဲ့အတူ တစ်ရာသီအတွင်းမှာပဲ ဆုဖလား(၃)လုံးအထိ ပိုင်ဆိုင်နိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘာစီလိုနာအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရချိန်မှာလည်း ကော်တင်ဟိုက ဘာစီလိုနာအသင်းဖက်ကို သွင်းဂိုး(၂)ဂိုးထိပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်း နည်းပြသစ် ရော်နယ်ကိုးမန်းကလည်း အငှားစာချုပ်ပြည့်လို့ အသင်းဆီ ပြန်လည်ရောက်လာပြီဖြစ်တဲ့ ကော်တင်ဟိုကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားချင်နေပြီး မက်ဆီ ဆွာရက်ဇ် ဒမ်ဘီလီတို့နဲ့အတူ နေရာပြန်လည်ပေးသွားဖွယ် ရှိနေကာ ဂရစ်ဇ်မန်းကိုတော့ အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိလို့နေပါတယ်။