MySport Myanmar

အာနိုးနေရာမှာ ဖရင်ပေါင်နဲ့ အစားထိုးဖို့ ဆွေးနွေးနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ့် ညာနောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုးရဲ့နေရာကို အစားထိုးဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ ကစားသမားတစ်ဦးနဲ့ ဆွေးနွေးမှုတွေ တိုးမြှင့် လုပ်ဆောင်လျက် ရှိနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကစားသမားဘဝ တစ်လျှောက်လုံးကို လီဗာပူးလ်မှာသာ အချိန်ကုန်ဆုံးခဲ့တဲ့ အာနိုးကတော့ ဒီနွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ် မက်ဒရစ်အသင်းကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အာနိုး ရီးရဲလ်ကို ပြောင်းမယ်ဆိုတာ အတည်ပြုပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အန်ဖီးလ်ကွင်းမှာ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်လာချိန်မှာ အသင်းပရိသတ်အချို့ကတောင် အာနိုးကို လှောင်ပြောင်ခဲ့ကြပါသေးတယ်။

Photo Credit : GiveMeSport

အာနိုးအစား ပွဲထွက်ကစားခဲ့တဲ့ အကယ်ဒမီထွက် ကစားသမားလေး ကော်နော ဘရက်ဒ်လေကိုလည်း လီဗာပူးလ် ပရိသတ်တွေက ‘ကော်နော ဘရက်ဒ်လေ တစ်ယောက်တည်းသာ’ လို့ အော်ဟစ် အားပေးခဲ့ကြပါတယ်။ ဘရက်ဒ်လေမှာ အလားအလာကောင်းတွေ ရှိနေပေမယ့်လည်း လီဗာပူးလ်အသင်းကတော့ ထရန့်ရဲ့နေရာကို အစားထိုးဖို့အတွက် အရည်အသွေးမြင့်ပြီး အတွေ့အကြုံရှိတဲ့ ညာနောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

Sky Germany သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်းရဲ့ နယ်သာလန် ညာနောက်ခံလူ ဂျယ်ရမီ ဖရင်ပေါင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ လီဗာပူးလ်တို့ဟာ အသက်(၂၄)နှစ်အရွယ် ဖရင်ပေါင်ကို သူတို့ရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ထားပြီး ဖရင်ပေါင်ဟာလည်း ဒီနွေရာသီမှာ လေဗာကူဆင်ကနေ ထွက်ခွာဖို့ များပါတယ်။

Photo Credit : talkSPORT

ဖရင်ပေါင်ရဲ့ စာချုပ်ပါ လျော်ကြေးငွေဟာ ပေါင်(၂၉)သန်းကနေ ပေါင်(၃၃)သန်းကြားမှာ ရှိပါတယ်။ နယ်သာလန် လက်ရွေးစင် ကစားသမားဖြစ်တဲ့ ဖရမ်ပေါင်ဟာ မနှစ်က လေဗာကူဆင်အသင်းနဲ့အတူ ပြည်တွင်းဖလား(၂)လုံးကို ဆွတ်ခူးခဲ့ပြီး ၂၀၁၉-၂၀ ရာသီတုန်းကလည်း စကော့တလန် ထိပ်သီးကလပ် ဆဲလ်တစ်အသင်းနဲ့အတူ ပြည်တွင်းဖလား (၃)လုံးစလုံးကို ရယူဖူးပါတယ်။

၂၀၂၁ ခုနှစ်က လေဗာကူဆင်ကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း ဖရင်ပေါင်ဟာ ဂျာမန်ကလပ်အတွက် ပွဲပေါင်း(၁၉၀) ပါဝင် ကစားပေးထားပြီး ဂိုး(၃၀)သွင်းယူကာ (၄၄)ဂိုး ဖန်တီးပေးထားတာကြောင့် တိုက်စစ်ဆင်မှုမှာ ထူးချွန်တဲ့ ညာနောက်ခံလူတစ်ဦးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၈ ခုနှစ်ထိ ရှိနေသေးပေမယ့်လည်း အသင်းပြောင်းရွှေ့ဖွယ်ရှိပြီး လီဗာပူးလ်ရဲ့ အန်ဖီးလ်ကွင်းဟာ သူ့အတွက် ဖြစ်နိုင်ခြေရှိတဲ့ ဦးတည်ရာ ဖြစ်နေပါတယ်။ လီဗာပူးလ်အနေနဲ့ ဖရင်ပေါင်ကို ခေါ်ယူနိုင်ခဲ့ရင် အာနိုး ပေးစွမ်းနိုင်ခဲ့တဲ့ တိုက်စစ်ဆင်မှုအပိုင်းက စွမ်းဆောင်ရည်ကောင်းအတိုင်း အသင်းအတွက် အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Exit mobile version