MySport Myanmar

ဂျာမန်ကြယ်ပွင့်လေး အဒီယေမီကို ဒေါ့မွန်နဲ့အပြိုင် ခေါ်ယူသွားမယ့် လီဗာပူးလ်အသင်း

သြစတြီးယားကလပ် ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ဂျာမနီ လူငယ်ကစားသမားလေး ကာရင်အဒီယေမီကို ဒေါ့မွန်အသင်းက ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ခေါ်ယူနိုင်ဖို့ နီးစပ်မှု ရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ အပြောင်းအရွှေ့အတွက် သဘောတူညီမှု မရရှိသေးတာကြောင့် ဒါဟာ အဒီယေမီကို ခေါ်ယူချင်နေတဲ့ အခြားအသင်းတွေအတွက် လမ်းပွင့်သွားသလို ဖြစ်သွားခဲ့ရပြီး လီဗာပူးလ်အသင်းကပါ အဒီယေမီကို အသေအချာ ကြိုးပမ်းလာဖွယ်ပါ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၀)အရွှယ်သာ ရှိနေသေးတဲ့ ဘိုင်ယန်မြူးနစ် လူငယ်ကစားသမားဟောင်းလေး အဒီယေမီဟာ ၂၀၁၈ခုနှစ်ကတည်းက ဆာလ်ဇ်ဘာ့ဂ် လူငယ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာပဲ ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ပွဲစဉ်ပေါင်းများစွာ ပါဝင်ကစားခဲ့ရသလို သွင်းဂိုး(၉)ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း ဆာလ်ဇ်ဘာ့ဂ်အတွက် သွင်းဂိုး(၂၀)ထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးလေး အဒီယေမီဟာ ၂၀၂၁ခုနှစ် စက်တင်ဘာလမှာပဲ ဂျာမနီလက်ရွေးစင်အသင်းအတွက်ပါ စတင်ပါဝင် ကစားခဲ့ရပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ဂျာမနီအသင်းနဲ့အတူ ပါဝင်ဆင်နွဲရဖွယ်ပါ ရှိနေရပါတယ်။

Photo Credit : Daily Express

ဒီလို အသက်ငယ်ငယ်လေးနဲ့ အကောင်းဆုံး စွမ်းဆောင်နေနိုင်တဲ့ လူငယ်ကြယ်ပွင့်လေး အဒီယေမီကို ဒေါ့မွန်အသင်းက ဂျာမနီမြေဆီ ပြန်လည်ခေါ်ဆောင်သွားဖို့ ကြိုးပမ်းနေခဲ့ရာ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပေမယ့်လည်း Sky Sports Austria ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ အဒီယေမီကို ခေါ်ယူနိုင်ဖို့ သဘောတူညီချက် တစ်စုံတစ်ရာမှ မရရှိနိုင်သေးဘူးလို့ ဖော်ပြထားတာကြောင့် ဒီကစားသမားလေးကို စိတ်ဝင်စားနေတဲ့ ဘယ်အသင်းမဆို လာမယ့်စျေးကွက်အတွင်းမှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက် ရှိနေသေးတာ ဖြစ်ပါတယ်။ အဒီယေမီကို ဒေါ့မွန်အသင်းအပြင် လီဗာပူးလ် ပီအက်စ်ဂျီ လိုက်ပ်ဇစ်အသင်းတွေကလည်း စိတ်ဝင်စားလျက် ရှိနေသလို လီဗာပူးလ်အသင်းကတော့ ဂျာမနီလက်ရွေးစင် တိုက်စစ်မှူးလေး အဒီယေမီကို လာမယ့်နွေမှာ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ Sky Sports Austria သတင်းမီဒီယာက ဖော်ပြလို့ထားပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်စျေးကွက်ထဲမှာ တိုက်စစ်ကစားသမား အော်ရီဂီကို အသင်းကနေ ရောင်းထုတ်ဖွယ် ရှိနေပြီး ဆာလာ မာနေးတို့ရဲ့ စာချုပ်ကိစ္စတွေလည်း ဆက်လက်လုပ်ဆောင်ရဖွယ် ရှိနေတဲ့အတွက် အဒီယေမီလို quality ကောင်းတဲ့ ကစားသမားမျိုးကို ခေါ်ယူအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။

Exit mobile version