လီဗာပူးလ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ် ကစားသမား ကီလီယန် အမ်ဘာပေကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ပီအက်စ်ဂျီနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ The Mirror သတင်းဌာနကနေ သတင်းဖော်ပြလာခဲ့ပါတယ်။
Photo Credit : Liverpool Echo
လက်ရှိမှာ ဘာပေက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် (၁)နှစ်သာ ကျန်ရှိနေတော့ပြီး အသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း လက်မခံခဲ့သလို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းထားတဲ့ အယ်လ် ဟီလယ်အသင်းရဲ့ တာဝန်ရှိသူတွေက ပဲရစ်ထိ လာရောက် ဆွေးနွေး ညှိနှိုင်းဖို့ စီစဥ်ထားတာကိုလည်း ပယ်ချထားခဲ့ပါသေးတယ်။
ဒီအခြေအနေတွေကြောင့် ပီအက်စ်ဂျီအသင်းဘက်က ဘာပေကို အလွန်အမင်း စိတ်ပျက်နေပြီး လာမယ့်နှစ်မှာ ရီးယဲလ် မက်ဒရစ်အသင်းဆီ အလွတ်နဲ့ လက်လွတ်ရမှာကိုလည်း လုံးဝ ဆန္ဒမရှိ ဖြစ်နေရာ ဒီအချက်ကို လီဗာပူးလ်အသင်းက အကောင်းဆုံး အသုံးချသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။
Photo Credit : Sky Sports
လီဗာပူးလ်အသင်းက ဘာပေကို တစ်ရာသီ အငှားနဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး အငှား ခေါ်ယူကြေးကိုလည်း အမြောက်အများ ပေးချေရဖွယ် ရှိနေပါတယ်။ တကယ်လို့ ဒီအပြောင်းအရွှေ့သာ ဖြစ်လာခဲ့မယ်ဆိုရင် ပီအက်စ်ဂျီအနေနဲ့ ၂၀၂၄မှာ ဘာပေကို ရီးယဲလ်ဆီ အလကားပေးလိုက်ရမယ် ဆိုရင်တောင်မှ လီဗာပူးလ်ဆီ တစ်ရာသီ အငှားချထားတဲ့ အငှားချကြေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းကလည်း ဘာပေ မိုနာကိုကနေ ပီအက်စ်ဂျီအသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက ချိတ်ဆက်မှုတွေ ရှိခဲ့ဖူးသလို ဘာပေရဲ့မိခင် ကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းကို အားပေးသူ တစ်ဦး ဖြစ်နေတာကြောင့် ဘာပေ နဲ့ လီဗာပူးလ်တို့ရဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်မလား ဆိုတာက တကယ် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။