ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လိုက်ပ်ဇစ်အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား တီမိုဝါနာကို ကမ်းလှမ်းဖို့အတွက် သူရဲ့ စာချုပ်လျော်ကြေးပမာဏထက် နည်းပါးလှတဲ့ ကမ်းလှမ်းမှုနဲ့ လာရောက်ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံမှာမဟုတ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ဝါနာနဲ့ သတင်းတွေ တောက်လျှောက်ထွက်ပေါ်ခဲ့တဲ့ လီဗာပူးလ်အသင်းမှာလည်း ဝါနာကို ခေါ်ယူဖို့အတွက် အဆင်မပြေနိုင်ဖွယ်ရှိတယ်ဆိုကာ နောက်ဆက်တွဲသတင်းတွေ ထပ်မံပေါ်ထွက်လာခဲ့တာကြောင့် လီဗာပူးလ်အနေနဲ့ ပစ်မှတ်ပြောင်းလဲရဖွယ်ရှိနေတာဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာဟာ လိုက်ပ်ဇစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်တွေအရ လာမယ့်ဇွန်လ(၁)ရက်နေ့ကနေ ဇွန်လ(၁၅)ရက်အတွင်း ပေါင်(၅၂)သန်းတန် စာချုပ်လျော်ကြေးပမာဏက စတင်သက်ရောက်တော့မှာဖြစ်ပြီး ဒီတန်ဖိုးထက် လျော့နည်းတဲ့ပမာဏနဲ့ လာရောက်ကမ်းလှမ်းမယ်ဆိုရင်တော့ လက်ခံမှာမဟုတ်ဘူးလို့ လိုက်ပ်ဇစ်အမှုဆောင်ချုပ်ကနေ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် လီဗာပူးလ်ဘက်ကနေလည်း ပေါင်(၅၂)သန်းကို ပေးချေဖို့ တွန့်ဆုတ်နေသလို လက်ရှိမှာလည်း ဝါနာကို ခေါ်ယူဖို့က လီဗာပူးလ်ထက် ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က ပိုမိုအခြေအနေကောင်းလို့နေပါတယ်။

ဒီလို ဝါနာကို ခေါ်ယူဖို့ အခြေအနေမကောင်းတော့တဲ့ လီဗာပူးလ်အသင်းဟာ သူတို့အသင်းရဲဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကိုသာ ခေါ်ယူဖွယ်ရှိလာနိုင်တယ်လို့ The Sun သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဒမ်ဘီလီဟာ ၂၀၁၇ခုနှစ်တုန်းက ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းဆီ ရောက်ရှိလာခဲ့ပြီးနောက် ဒဏ်ရာပြသာနာတွေကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့အပြင် ဘာစီလိုနာကလည်း နေမာကို ပြန်လည်ခေါ်ယူဖို့ ရှိနေတဲ့အတွက် ဒမ်လီလီကို အသင်းကနေ ရောင်းချဖို့က သေချာသလောက်ကို ရှိနေပါတယ်။ ဘာစီလိုနာဘက်ကနေ အသက်(၂၃)နှစ်အရွှယ် ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီအတွက် ပေါင်သန်း(၄၀)ခန့်လောက်နဲ့ပင် ရောင်းချဖွယ်ရှိနေသလို လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကလည်း ဒမ်ဘီလီကို အရင်ကတည်းက သဘောကျနေသူဖြစ်လို့ ကမ်းလှမ်းမှုက ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒမ်ဘီလီကို လီဗာပူးလ်အသင်းနဲ့အပြိုင် အာဆင်နယ် ချယ်လ်ဆီးအသင်းတို့ကနေလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းများအရ အာဆင်နယ်က ထိပ်ဆုံးကနေ ဦးဆောင်လျက်ရှိနေတယ်လို့ သိရပါတယ်။