MySport Myanmar

မာနေးကို ခေါ်ယူချင်တဲ့ ဘိုင်ယန်ဆီက ဂနာဘရီကို ပြန်လည်ခေါ်ယူဖွယ် ရှိနေတဲ့ လီဗာပူးလ်

Anfield Central ကနေ ဖော်ပြလာခဲ့တဲ့ သတင်းတွေအရ လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိလို့နေတဲ့ ဂျာမနီတောင်ပံကစားသမား ဆက်ချ်ဂနာဘရီကို ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ပါ တွေ့ဆုံဆွေးနွေးနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : The Transfer Tavern

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဆာဒီယိုမာနေးကို အသင်းကနေ လက်လွတ်သွားရဖွယ် ရှိနေတာကြောင့် သူ့နေရာမှာ ပြန်လည်အစားထိုးမယ့် ကစားသမားတစ်ဦးကို လိုက်လံရှာဖွေနေခဲ့ရာ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ဂနာဘရီကို ခေါ်ယူဖို့ မျက်စိကျလာခဲ့တယ်လို့ သိရပါတယ်။ အသက်(၂၆)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် တောင်ပံကစားသမား ဂနာဘရီဟာ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး သက်တမ်းတိုးဖို့က မသေချာ မရေရာ ဖြစ်နေတဲ့အပြင် လာမယ့်နွေဈေးကွက်မှာပါ အသင်းကနေ ထွက်ခွာဖွယ်လည်း ရှိနေပါတယ်။

Photo Credit : 90Min

ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရောဘတ်လီဝန်ဒေါစကီးနဲ့ ဂနာဘရီတို့ နှစ်ဦးစလုံးကို လာမယ့်နွေမှာပဲ အသင်းကနေ လက်လွတ်သွားရဖွယ် ရှိနေတာကြောင့် လီဗာပူးလ်ရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား မာနေးကို ပစ်မှတ်ထားလာခဲ့တဲ့အပြင် လီဗာပူးလ်ဘက်ကလည်း မာနေးနေရာအတွက် ဂနာဘရီကို ပြန်လည်အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဂနာဘရီဟာ သူရဲ့လက်ရှိကလပ် ဘိုင်ယန်အသင်းနဲ့ ဆက်လက်ပူးပေါင်းသွားဖို့ထက် ပရီးမီးယားလိဂ်ဆီကိုသာ ပြန်သွားချင်နေတာကြောင့် လီဗာပူးလ်အသင်းဘက်ကသာ အသေအချာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် အပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ခြေ ရှိပါတယ်။ လက်ရှိမှာ မာနေးရော ဂနာဘရီပါ သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်လို့ အသင်းနှစ်သင်း ညှိနှိုင်းပြီး ကစားသမားနှစ်ဦးကို အလဲအထပ် ပုံစံနဲ့ အပြောင်းအရွှေ့ လုပ်ဖြစ်မယ်ဆိုရင် ဘိုင်ယန်ဘက်က မာနေးအတွက် ဂနာဘရီနဲ့ ပြောင်းရွှေ့ကြေးတချို့ကို ပေါင်းစပ်ကမ်းလှမ်းရနိုင်ပါတယ်။ ဒါပေမယ့် ဂနာဘရီကို သူရဲ့အသင်းဟောင်း အာဆင်နယ်ကလည်း ပြန်လည်ခေါ်ယူချင်နေပြီး ကလပ်အသင်းတချို့ကပါ ဂနာဘရီကို စောင့်ကြည့်နေသလို မာနေးကိုလည်း ပီအက်စ်ဂျီအသင်းက အလိုရှိနေတာကြောင့် ကစားသမားနှစ်ဦးရဲ့လားရာက ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Exit mobile version