ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ လီဗာပူး အသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်က သူတို့အသင်းရဲ့ ချန်ပီယံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပင်နယ်တီ ရနေတဲ့ ကိစ္စအပေါ် ဝေဖန်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ရပ်ဝန်းမှာ အနည်းငယ် ပွဲဆူခဲ့ပါတယ်။ ဂျာဂင် ကလော့ပ်ဟာ ဆောက်သမ်တန် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ လီဗာပူး အသင်းကို သူ ကိုင်တွယ်ခဲ့တဲ့ ကာလ အတွင်းမှာ ရခဲ့တဲ့ ပင်နယ်တီ အရေအတွက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ နောက်ဆုံး ၂နှစ်ခွဲ ကာလအတွင်းမှာ ရခဲ့တဲ့ ပင်နယ်တီ အရေအတွက်ထက် နည်းပါးတယ် လို့ ဝေဖန်ခဲ့တာ ဖြစ်ပြီး အဆိုပါ ဝေဖန်ပြောဆိုမှု အပြီးမှာ လီဗာပူးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပင်နယ်တီ ရလဒ်တွေကို နှိုင်းယှဉ်မှုတွေ ရှိလာခဲ့ပါတယ်။

Photo Credit: Metro

နောက်ဆုံး ထွက်ပေါ်လာတဲ့ စစ်တမ်းတွေ အရတော့ လက်ရှိ ပရီးမီးယားလိဂ် ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရရှိထားတဲ့ ပင်နယ်တီ အရေအတွက်နဲ့ လီဗာပူး အသင်း ရရှိထားတဲ့ ပင်နယ်တီ အရေအတွက်ဟာ ၁လုံးသာ ကွာဟပေမယ့် အဆိုပါ ပင်နယ်တီတွေရဲ့ အကျိုးသက်ရောက်မှု မှာတော့ လီဗာပူး အသင်း ရရှိထားတဲ့ ပင်နယ်တီတွေဟာ ပိုပြီး သက်ရောက်မှုကြီးကြောင်း သိရှိရပါတယ်။ လက်ရှိရာသီမှာ လီဗာပူးအသင်းဟာ ပင်နယ်တီ ၅ကြိမ် အထိ ရရှိထားပြီး အဆိုပါ ၅ကြိမ်ထဲက ၂ကြိမ်ဟာ လိဒ်ယူနိုက်တက် အသင်းကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ပင်နယ်တီတွေိ ကိုသာ ဖယ်ထုတ်လိုက်ပါက လီဗာပူးအသင်းဟာ လိဒ်ယူနိုက်တက် အသင်းကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရမှာပါ။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း လီဗာပူးအသင်းဟာ အဖွင့်ဂိုးကို ပင်နယ်တီ ကနေ ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ပင်နယ်တီကိုသာ ဖယ်လိုက်ရင် လီဗာပူးအသင်း ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ၁-၁ စီ သရေရလဒ်သာ ထွက်ပေါ်မှာ ဖြစ်ကာ ရမှတ် ၂မှတ် ဆုံးရှုံးသွားမှာပါ။

Photo Credit: Metro

မန်ချက်စတာ စီးတီးအသင်း ၊ ဖူလ်ဟမ်အသင်းတို့ကို သရေကျခဲ့တဲ့ ပွဲစဉ်တွေမှာလည်း လီဗာပူးအသင်း ရရှိခဲ့တဲ့ ပင်နယ်တီတွေဟာ အသင်းအတွက် သရေရလဒ် ၁မှတ်စီ ရရှိစေခဲ့တဲ့ ပင်နယ်တီတွေ ဖြစ်ခဲ့ပြီး အဆိုပါ ပင်နယ်တီတွေကိုသာ ဖယ်ထုတ်လိုက်ရင် လီဗာပူးအသင်းဟာ ရမှတ် ၂မှတ် ထပ်မံ ဆုံးရှုံးဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တွက်ချက်မှုတွေ အရ ဒီရာသီမှာ ပင်နယ်တီဂိုးတွေ ကိုသာ ဖယ်လိုက်ရင် လီဗာပူး အသင်းဟာ လက်ရှိ ရရှိထားတဲ့ ရမှတ်ထက် ၇မှတ် အထိ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပင်နယ်တီ ၆ကြိမ် အထိ ရရှိထားပေမယ့် ပင်နယ်တီတေွ ကို ဖယ်ထုတ်လိုက်ရင် သူတို့ ဆုံးရှုံးသွားမယ့် ရမှတ်ဟာ ၆မှတ်သာ ရှိမှာ ဖြစ်ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရိုက်တန်ကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နောက်ကျ အနိုင်ဂိုးကို ပင်နယ်တီ ကနေ တဆင့် ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ပင်နယ်တီကိုသာ ဖယ်ထုတ်မယ် ဆိုရင် အဆိုပါ ပွဲစဉ်မှာ ရမှတ် ၁မှတ်သာ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်းကို ၁-၀ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ် ၊ ဗီလာအသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အနိုင်ဂိုးတွေကို ပင်နယ်တီ ကနေ ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ သွင်းဂိုးတွေ ကိုသာ ဖယ်ထုတ်လိုက်ရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရမှတ် ၂မှတ်သာ ရရှိမှာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းအနေနဲ့ ကျန်ပွဲစဉ်တွေမှာ ရခဲ့တဲ့ ပင်နယ်တီတွေ ကတော့ ဂိုးပြတ်နိုင်ပွဲတွေမှာ ရခဲ့တဲ့ ပင်နယ်တီတွေ ဖြစ်တာကြောင့် ရလဒ်ပိုင်းကို အပြောင်းအလဲ မဖြစ်စေတာကို မြင်တွေ့ ရပါတယ်။ ဒါ့ကြောင့် ပင်နယ်တီတွေကိုသာ ဖယ်လိုက်ရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိရာသီမှာ ရမှတ် ၆မှတ်သာ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။