လွန်ခဲ့တဲ့ (၉)လလောက်ကတည်းက အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို လီဗာပူးလ်အသင်းဘက်ကနေ စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းခဲ့ပေမယ့် အခုအချိန်ထိ မာနေးဘက်ကနေ သူ့အပေါ်ကမ်းလှမ်းထားတဲ့ စာချုပ်အပေါ် စိတ်ဝင်စားမှု မပြသသေးတာဖြစ်လို့ မာနေးကို ဆုံးရှံးရနိုင်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး မာနေးရဲ့အခြေအနေကိုလည်း ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့လို ထိပ်သီးအသင်းကြီးတွေက စောင့်ကြည့်လို့နေတာကြောင့် လီဗာပူးလ်အသင်းနဲ့ နည်းပြဖြစ်သူ ယာဂင်ကလော့တို့အတွက် ဒီကိစ္စက စိတ်ပူပင်စရာတစ်ခု ဖြစ်လာစေခဲ့ရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၈)နှစ်အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မာနေးဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၃ခုနှစ်အထိကို စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပေမယ့်လည်း သူ့ကို ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးတွေ စိတ်ဝင်စားမှုကို မကြာခဏခံနေရတာကြောင့် လီဗာပူးလ်ဘက်ကနေ မာနေးကို သက်တမ်းထပ်မံတိုးချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မာနေးကတော့ သူရဲ့စာချုပ်သက်တမ်းတိုးဖို့ အခုချိန်ထိ စိတ်ဝင်စားမှု မပြသသေးတာကြောင့် ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ လီဗာပူးလ်ကို စွန့်ခွာသွားမှာကို နည်းပြကလော့ကနေ စိုးရိမ်ပူပန်နေရတာဖြစ်ပါတယ်။

Photo Credit : Goal

မာနေးဟာ လီဗာပူးလ်ကို စတင်ရောက်ရှိချိန်ကနေ တစ်နှစ်ပြီးတစ်နှစ် သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီး ၂၀၁၉ခုနှစ်အတွင်းမှာတော့ ကစားသမားဘဝအတွင်း အမြင့်မားဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် အသင်းနဲ့ ချန်ပီယံလိဂ်ဆုဖလားကို ပိုင်ဆိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုစာရင်းမှာ မက်ဆီ ဗန်ဒိုက် ရော်နယ်ဒိုရဲ့နောက် စတုတ္ထနေရာမှာတောင် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း မာနေးဟာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ(၃၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁၈)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၂)ကြိမ် ပြုလုပ်ထားခဲ့ကာ အသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း ပိုင်ဆိုင်နိုင်ဖို့က သေချာသလောက်ကို ရှိလို့နေပါတယ်။ လီဗာပူးလ်အသင်းနဲ့ (၄)နှစ်လောက် ဖြတ်သန်းခဲ့တဲ့ မာနေးကို ရီးရဲလ်အသင်းဘက်ကနေ အသည်းအသန်ကို စိတ်ဝင်စားလို့နေပြီး ပေါင်သန်း(၁၅၀)လောက်နဲ့ ကမ်းလှမ်းမှုတွေကို ပြုလုပ်ဖွယ်ရှိသလို မာနေးကိုယ်တိုင်ကလည်း သူရဲ့ကစားသမားဘဝ အတောက်ပဆုံးအချိန်မှာ ဘလွန်းဒီအောလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုမျိုးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်တစားရှိနေတယ်လို့ သိရှိရပါတယ်။