လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး ဂျင်မီကာရေဂါက သူရဲ့အသင်းဟောင်းအနေနဲ့ မကြာခင်မှာ ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းအတွက် ခံစစ်ကစားသမားတစ်ယောက်ကို မဖြစ်မနေ ခေါ်ယူသင့်ပြီး တကယ်လို့ အသင်းဆီကို နောက်ခံလူသစ်တစ်ယောက်သာ ခေါ်ယူအားဖြည့်နိုင်ခဲ့မယ်ဆိုရင်တော့ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်မံရယူနိုင်ဦးမယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲကို ရင်ဆိုင်နေရပြီး အသင်းရဲ့ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗာဂျယ်ဗန်ဒိုက်နဲ့ ဂျိုးဂိုးမက်ဇ်တို့နှစ်ဦးမှာလည်း ဒဏ်ရာပြသာနာအသီးသီးကြောင့် ကာလရှည်ကြာ အနားယူရမှာဖြစ်လို့ သူတို့ရဲ့နေရာအတွက် ခံစစ်ကစားသမားသစ်တစ်ယောက်ကို ဆောင်းစျေးကွက်အတွင်းမှာ အရခေါ်ယူသွားသင့်တယ်လို့ ကာရေဂါက သုံးသပ်ပြောဆိုလာခဲ့ပါတယ်။ ကာရေဂါက “လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီလမှာသာ ခံစစ်မှူးတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ အရမ်းကို ကောင်းမွန်သွားလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်”

“သူတို့အနေနဲ့ ပြိုင်ဘက်တိုက်စစ်ကို ဟန့်တားနိုင်ဖို့အတွက် ခံစစ်မှူးတစ်ယောက်ကို လိုအပ်နေမှာပါ။ ခံစစ်ပိုင်းမှာ အထူးသဖြင့် ဗဟိုခံစစ်ပိုင်းမှာဆိုရင် ဒဏ်ရာတွေနဲ့ ရင်ဆိုင်လို့နေရပါတယ်။ တကယ်လို့သာ ဇန်နဝါရီလမှာ ခံစစ်ကစားသမားသစ်တစ်ဦးကို အရခေါ်ယူနိုင်မယ်ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ပဲ ချန်ပီယံဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာဆိုရင်တော့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ကြားမှာ ချန်ပီယံဖြစ်နိုင်ခြေက ၅၀/၅ဝပဲ ရှိနေရမှာပါ။ ဘာကြောင့်လဲဆိုတော့ လီဗာပူးလ်က ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ဗန်ဒိုက်ကိုလည်း ဆုံးရှုံးထားရလို့ပါ” လို့ ရှင်းလင်းပြောဆိုလို့ သွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ခံစစ်ကစားသမားတွေရဲ့ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ဒီရာသီမှာ အသင်းအတွက် သွင်းဂိုးများစွာကို ရယူပေးနေတဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကပါ အီဂျစ်နိုင်ငံက သူရဲ့ညီအစ်ကို မင်္ဂလာဆောင်ကို တတ်ရောက်ခဲ့ရင်းနဲ့ ကိုဗစ်ပိုးကူးစက်သွားခဲ့တာကြောင့် လာမယ့်တစ်ပတ် လက်စတာအသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အဆင့်(၃)နေရာကို ရောက်ရှိလို့နေပြီး အဆင့်(၁)က ဆောက်သမ်တန်နဲ့ ရမှတ်(၁)မှတ်သာ ကွာဟလို့နေပါတယ်။