ဥရောပရဲ့ လူစိတ်ဝင်စားတဲ့ လိဂ်တွေထဲက တစ်ခုဖြစ်တဲ့ နယ်သာလန်လိဂ်ဟာ ကိုရိုနာ ဗိုင်းရပ်ဂယက်ကြောင့် ယခုနှစ်ဘောလုံးရာသီကို အပြီးတိုင် ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းဟာ ဘောလုံးပရိသတ်တွေကိုသာမက ဘောလုံး သုံးသပ်သူတွေကိုပါ အကြီးအကျယ် ဂယင်ရိုက်စေခဲ့တဲ့ သတင်းတစ်ခုပါ။ နယ်သာလန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်ကို ဟန့်တားနိုင်စေဖို့အတွက် လူစုလူဝေးဖြစ်စေတဲ့ ဘောလုံးပြိုင်ပွဲတွေကို ၂၀၂၀ မကုန်ဆုံးမီအထိ ယာယီကျင်းပခွင့် မပြုတော့တာကြောင်​့ နယ်သာလန် အမှတ်ပေးလိဂ် တွေကို ဘယ်လိုမှ ဆက်လက်ကျင်းပသွားလို့ မရတော့ကြောင်းကို လွန်ခဲ့တဲ့ရက်ပိုင်းမှာ နယ်သာလန် ဘောလုံးအဖွဲ့ချုပ်က တရားဝင် ကြေညာသွားခဲ့ပါတယ်။

Photo Credit: Standard.com

နယ်သာလန်လိဂ်တွေကို ဖျက်သိမ်းလိုက်တာကြောင့် အမှတ်ပေးချန်ပီယံတွေ ၊ တန်းဆင်း ၊ တန်းတက်စနစ်တွေကို ဘယ်လိုလုပ်ဆောင်မှာလဲဆိုပြီး အားလုံးက နယ်သာလန်ဘောလုံး အဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ပုံတွေကို စောင့်ကြည့်ခဲ့ကြပြီး နယ်သာလန်ဘောလုံးအဖွဲ့ချုပ် ကတော့ ယမန်နေ့ ညနေပိုင်းမှာ ယခုနှစ်ဘောလုံးရာသီ မှာ အမှတ်ပေးချန်ပီယံတွေ မရှိသလို တန်းဆင်း ၊ တန်းတက်ရမယ့် အသင်းတွေလည်း မရှိဘူးလို့ ထုတ်ပြန်သွားခဲ့ပါတယ်။ နယ်သာလန် ဘောလုံး အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်မှုဟာ Eredivisie လို့ ခေါ်တဲ့ နယ်သာလန် ပထမတန်းလိဂ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အေဂျက်အသင်းနဲ့ အယ်ခမာအသင်းတို့အတွက် နစ်နာစရာ ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဂိုးကွာခြားချက်နဲ့ ရပ်တည်နေတဲ့ အေဂျက်အသင်းရဲ့ ကစားသမားတွေကတော့ သူတို့အသင်းကို အမှတ်ပေးဖလား မပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နယ်သာလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေကြပါတယ်။

Photo Credit: Standard.com

နယ်သာလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ လုပ်ရပ် ဟာ ယခုနှစ် ဘောလုံးရာသီကို ဖျက်သိမ်းခြင်း မပြုဖို့ တောင်းဆိုထားတဲ့ ဥရောပဘောလုံး အဖွဲ့ချုပ် UEFAရဲ့ ထုတ်ပြန်ကြေညာမှုနဲ့ ကွဲလွဲနေပေမယ့် UEFAရဲ့ ကြေညာမှုထဲမှာ သက်ဆိုင်ရာ အစိုးရက ဘောလုံးပွဲတွေကို ကျင်းပခွင့် မပြုတော့ရင် ဘောလုံးပြိုင်ပွဲတွေကို ဖျက်သိမ်းခွင့် ရှိတယ်လို့ ပါဝင်တာကြောင့် နယ်သာလန်ဘောလုံး အဖွဲ့ချုပ်ရဲ့ လုပ်ရပ်ဟာ တရားဝင်တယ်လို့ ဆိုရမှာပါ။ လက်ရှိမှာတော့ နယ်သာလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြတ်သားတဲ့ လုပ်ဆောင်ပုံတွေနဲ့ ပတ်သတ်ပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ FA ဟာ အတုယူ လုပ်ဆောင်မှာကို အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲ ကို ဦးဆောင်ထားနိုင်တဲ့ လီဗာပူးအသင်းရဲ့ ပရိသတ်တွေဟာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ အင်္ဂလန်နိုင်ငံရဲ့ အောင်မြင်မှု အများဆုံး ရထားတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့် ပြည်တွင်းရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတစ်ခုမှာ ဗိုလ်မစွဲတာဟာ နှစ်ပေါင်း၃၀နီးပါး ရှိနေပါပြီ။ ဒါ့အပြင် လက်ရှိ ဘောလုံးရာသီမှာလည်း လီဗာပူး အသင်းဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ မန်စီးတီးအသင်းကို ၂၅မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် အေဂျက်အသင်းလိုမျိုး အမှတ်ပေးဖလား ကိုင်မြှောက်ခွင့် မရမှာကို လီဗာပူးအသင်းပရိသတ်တွေက စိုးရိမ်နေကြတာပါ။