နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့တဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ကွင်းလယ်လူတစ်ဦးကို အလိုရှိနေတဲ့ လီဗာပူးလ်အသင်းဟာ လတ်တလောမှာတော့ အေစီမီလန်အသင်းရဲ့ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆီးကို မျက်စိကျလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Bein Sports

အသက်(၂၄)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆီးဟာ အတ္တလန်တာအသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ အေစီမီလန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မီလန်ရဲ့ အဓိက ကွင်းလယ်လူတစ်ယောက် ဖြစ်လို့နေတဲ့ ကတ်ဆီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး မီလန်အသင်းကိုလည်း အသင်းနဲ့ (၈)နှစ်နီးပါးလောက် ဝေးကွာနေရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကတ်ဆီးဟာ မီလန်အသင်းနဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်ပြီး သက်တမ်းတိုးဖို့ကလည်း မရေရာသေးတဲ့ အခြေအနေမှာသာ ရှိနေရပါတယ်။

Photo Credit : AC Milan News

ဒီလို အနာဂတ် အခြေအနေ မရေမရာ ဖြစ်လို့နေတဲ့ ကွင်းလယ်ကစားသမား ကတ်ဆီးကို လီဗာပူးလ်အသင်းဘက်က စတင်ပစ်မှတ်ထားလာခဲ့ပြီး မီလန်မှာ ရရှိနေတဲ့ ကတ်ဆီးရဲ့ တစ်နှစ်လုပ်ခ ယူရို(၂.၂)သန်းကိုပါ ယူရို(၄)သန်းအထိ တိုးမြှင့်ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် ကတ်ဆီးရဲ့ အေးဂျင့်ဖြစ်သူကတော့ သူရဲ့ကစားသမားအတွက် တစ်နှစ်လုပ်ခကို ယူရို(၆)သန်းအထိကို ပေးချေစေချင်နေပြီး ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ကွင်းလယ်ပိုင်းအတွက် အသက်လက်တီကိုအသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်နီဟက်ဇ် ဘရိုက်တန် ကွင်းလယ်ကစားသမား ဘစ်ဆူးမားနဲ့ လိုင်ယွန်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ အော်ယာတို့ကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပေမယ့်လည်း ခေါ်ယူဖို့ အဆင်မပြေနေသေးတာကြောင့် အခုလို ကတ်ဆီးကိုပါ စိတ်ဝင်စားလာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် မီလန်အသင်းဘက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိထားချိန်မှာ ကတ်ဆီးလို အသင်းအတွက် အရေးပါလှတဲ့ ကစားသမားမျိုးကို အသင်းကနေ လက်လွတ်မသွားချင်တာကြောင့် စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ကိုသာ ဆက်လက်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။