MySport Myanmar

အာနိုးနေရာမှာ ဖရင်ပေါင်နဲ့ အစားထိုးဖို့ ချိန်ရွယ်နေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ လာမယ့် နွေရာသီမှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနိုင်တဲ့ ထရန့် အလက်ဆန်းဒါး အာနိုးရဲ့နေရာမှာ လေဗာကူဆင်က ညာနောက်ခံလူ ဂျယ်ရမီ ဖရင်ပေါင်နဲ့ အစားထိုးဖို ချိန်ရွယ်နေတယ်လို့ ဂျာမနီသတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးလ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့ပြီး လီဗာပူးလ်အတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦးအထိ ဖြစ်လာခဲ့တဲ့ အာနိုးက ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး အခုအချိန်ထိကတော့ အသင်းနဲ့ သက်တမ်းတိုးဖို့ထက် အသင်းကနေ ထွက်ခွာသွားဖို့ကသာ အခြေအနေ ပိုများနေပါတယ်။

Photo Credit : Goal

အသက် (၂၆)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံကစားသမား အာနိုးဟာ ဒီရက်ပိုင်းမှာ ရီးယဲလ် မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေပြီး ရီးယဲလ်က အာနိုး လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ အာနိုးကို လီဗာပူးလ်ဘက်က အသင်းမှာ ဆက်ထားနိုင်ဖို့ ကြိုးပမ်းသွားဦးမှာ ဖြစ်ပေမယ့် တကယ်လို့ အာနိုးသာ အသင်းကနေ ထွက်ခွာဖို့သာ ဆန္ဒရှိမယ်ဆိုရင် သူ့နေရာအတွက် နောက်ထပ် ညာနောက်ခံ ကစားသမားတစ်ဦးကို ခေါ်ယူသွားဖို့ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

Photo Credit : Football Insider

လီဗာပူးလ်က ညာခြမ်းခံစစ်နေရာအတွက် လေဗာကူဆင်က နယ်သာလန် ညာနောက်ခံလူ ဖရင်ပေါင်ကို ချိန်ရွယ်လို့နေပြီး ဖရင်ပေါင်က ညာတောင်ပံနေရာနဲ့ right wing back ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ မန်စီးတီး လူငယ်အသင်းကနေ ထွက်ပေါ်လာတဲ့ ဖရင်ပေါင်ဟာ ၂၀၂၁ခုနှစ်ကတည်းက လေဗာကူဆင်ဆီ ရောက်ရှိနေပြီး အခု လေဗာကူဆင်ရဲ့ အဓိက ကစားသမားလည်း ဖြစ်နေပါတယ်။

အသက် (၂၃)နှစ်သာ ရှိနေသေးတဲ့ ဖရင်ပေါင်ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ wing-back တွေထဲ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်လို့ သတ်မှတ်ခံထားရသလို သူ့ကိုလည်း အသင်းပေါင်းများစွာက ပစ်မှတ်ထားနေပါတယ်။ ဒီထဲကမှ လီဗာပူးလ်ကတော့ အာနိုးကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် ဖရင်ပေါင်ကို ဦးစားပေး ကြိုးပမ်းလာနိုင်ပါတယ်။

Exit mobile version