လီဗာပူးလ်အသင်းကတော့ လက်ရှိမှာ နွေစျေးကွက်ထဲ ဝင်ရောက်လှုပ်ရှားနေတယ်ဆိုပေမယ့် အသင်းရဲ့လူအင်အားက တောင့်တင်းပြီးသားဖြစ်နေသလို ကိုဗစ်ဂယက်ကြောင့် ဝင်ငွေပိုင်းမှာ အနည်းငယ်အထိနာထားရတဲ့ သူရဲ့ပြိုင်ဘက်အသင်းတွေလောက် ငွေကြေးပိုင်း အပြိုင်သုံးစွဲနိုင်ဖို့က မလွယ်ကူနိုင်တာကြောင့် ထိပ်တန်းကစားသမားတွေထက် ပြောင်းရွှေ့ကြေး အနည်းငယ်သက်သာနိုင်ပြီး အရည်အသွေးလည်းရှိတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေလျက်ရှိကာ အခုလည်း ဘရိုက်တန်အသင်းရဲ့နောက်ခံကစားသမား ဘင်ဝှိုက်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Football Insider

အသက်(၂၂)နှစ်အရွှယ်ရှိ ဗဟိုနောက်ခံကစားသမား ဘင်ဝှိုက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘရိုက်တန်ကနေ လိဒ်စ်ယူနိုက်တက်အသင်းဆီမှာ အငှားနဲ့သွားရောက်ကစားခဲ့သူဖြစ်ပြီး အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ် စွဲတင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူရဲ့ခြေစွမ်းကောင်းတွေကို စတင်သတိထားမိခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ပွဲစဉ်တွေမှာ ကင်းထောက်တွေကို စေလွှတ်ခဲ့ပြီး ဘင်ဝှိုက်ရဲ့ခြေစွမ်းတွေကို လေ့လာခဲ့ကြသလို အခုနွေစျေးကွက်အတွင်းမှာ ကမ်းလှမ်းမှုတစ်ခုကို လုပ်ဆောင်ဖွယ်ရှိနေတယ်လို့ Liverpool Echo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Mirror

လီဗာပူးလ်အသင်းဟာ နွေစျေးကွက်အတွင်းမှာ လိုဗရန်ကို ဇင်းနစ်အသင်းဆီ ရောင်းချခဲ့ရသလို နောက်ခံအစွန်လူကလိုင်းမှာလည်း အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီဖြစ်လို့ ခံစစ်ပိုင်းကို အားဖြည့်တင်းနိုင်ဖို့အတွက် ခံစစ်ကစားသမား အများအပြားကို ပစ်မှတ်ထားနေလျက်ရှိပြီး နော်ရစ်ချ်အသင်းရဲ့နောက်ခံအစွန်လူ ဂျာမဲလ်လူးဝစ်ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် ကနဦးကမ်းလှမ်းချက်ဖြစ်တဲ့ ပေါင်(၁၀)သန်းကို နောရစ်ချ်ဘက်ကနေ ပယ်ချသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းပိုင်ရှင်ကတော့ အသင်းရဲ့လူအင်အားက တောင့်တင်းလွန်းနေတာကြောင့် ကစားသမားသစ်တွေ အများအပြား ထပ်မံခေါ်ယူဖို့ မလိုလောက်ဘူးလို့ ယူဆနေကြသလို သူတို့ရဲ့စီးပွားရေးတွေကလည်း ကိုဗစ်ကာလအတွင်းမှာ ထိခိုက်မှုတွေ ရှိထားခဲ့တဲ့အတွက် အသုံးစရိတ်ကို လျော့ချဖွယ်ရှိတာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ကစားသမားသစ် ခေါ်ယူနိုင်ဖို့ အသင်းက ကစားသမားတချို့ကို အရင်ရောင်းချရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဘင်ဝှိုက်ကို ခေါ်ယူချင်နေတဲ့ အသင်းက လီဗာပူးလ်တစ်သင်းတည်းမဟုတ်ပဲ ပရီးမီးယားလိဂ်အသင်းပေါင်းများစွာက ပစ်မှတ်ထားနေလျက်ရှိသလို သူ့ကို အငှားနဲ့ခေါ်ယူထားခဲ့တဲ့ လိဒ်စ်အသင်းကပါ အပြီးသတ်ခေါ်ယူချင်နေတာဖြစ်လို့ လီဗာပူးလ်ဘက်က လက်နှေးနေဦးမယ်ဆိုရင် ကစားသမားကောင်းတစ်ယောက်ကို ပိုင်ဆိုင်ဖို့ ထပ်မံလက်လျှော့ရနိုင်ပါတယ်။