ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ ဗန်ဒိုက် တစ်ယောက် ပြင်းထန််တဲ့ ဒူးဒဏ်ရာ ရရှိကာ လက်ကျန် ရာသီတစ်ခုလုံးကို လွဲချော်သွားဖွယ် ရှိနေတာကြောင့် အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းမှု အဖြစ် လိဒ်ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ လာကြပါတယ်။ လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်ဟာ အဲဗာတန် အသင်းရဲ့ ဂိုးသမား ပစ်ဖို့ဒ်နဲ့ ထိခိုက်မိကာ ပြင်းထန်တဲ့ ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ရှိ အချိန်မှာ လီဗာပူးအသင်းရဲ့ ခံစစ်ကြောင်းဟာ အားနည်းသွားခဲ့ပြီး လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်က အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဖြစ်တဲ့ ဖာဘင်ဟိုကို ခံစစ်ကြောင်းဆီ ပို့ကာ ကစားစေဖို့ ပြင်ဆင် နေကြောင်း သိရပါတယ်။

Photo Credit: Mirror

လီဗာပူးအသင်းနဲ့ ဘရာဇီးလ် အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဖာဘင်ဟိုဟာ ကွင်းလယ်အထိုင် ၊ ကွင်းလယ်ခံစစ် ၊ ညာနောက်ခံလူ ၊ ဗဟိုနောက်ခံလူ နေရာတွေမှာ ကစားတတ်တဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ကလော့ပ်ဟာ ဗန်ဒိုက်ရဲ့ နေရာမှာ ဖာဘင်ဟိုကို အစားထိုး သုံးစွဲသွားမှာ ဖြစ်ပြီး ဖာဘင်ဟိုရဲ့ နေရာအတွက် ကွင်းလယ်ခံစစ် ကစားသမား တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင် နေတာပါ။ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ လီဗာပူးအသင်းဟာ ဖာဘင်ဟိုရဲ့ နေရာအတွက် လက်ရှိ ဘောလုံးရာသီမှာ လိဒ်ယူနိုက်တက် အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း ဖော်ပြ သွားခဲ့ပါတယ်။

Photo Credit: Mirror

အသက် ၂၄နှစ်် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်ဟာ လက်ရှိ ဘောလုံးရာသီမှာ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် အကြိုက်တွေ့နေတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ကြောင်း လီဗာပူးမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပြီး လီဗာပူးအသင်းဟာ ဖီးလစ်ကို ခေါ်ယူဖို့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း ခန့်မှန်း ထားကြပါတယ်။ လိဒ်ယူနိုက်တက် အသင်းကတော့ သူတို့အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဖီးလစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅ဝသန်း စျေးသတ်မှတ် ထားပြီး အဆိုပါ ပမာဏကို ပေးချေဖို့ဟာ လီဗာပူးအသင်း အတွက် မခက်ခဲတာကြောင့် ဖီးလစ်ဟာ လီဗာပူးအသင်းထံ ရောက်ရှိလာနိုင်ကြောင်း သုံးသပ်လိုက်ပါရစေ။