အာဆင်နယ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ကနေစတင်ပြီး စီနီယာအသင်းကြီးအတွက် ပါဝင်ကစားခွင့်တွေ ရရှိလာခဲ့တဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကစားသမားလေး ဘာကာယိုဆာခါကတော့ ဒီနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်စီနီယာအသင်းအတွက် ပွဲထွက်ကစားခွင့်တွေ များများစားစား ရရှိခဲ့သလို ဘယ်တောင်ပံနေရာနဲ့ ဘယ်ခြမ်းခံစစ်နေရာတွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အသင်းက သူ့ကို နှစ်ရှည်စာချုပ်ချုပ်ဖို့ ကြိုးပမ်းနေသလို ကလပ်အသင်းကြီးတွေကလည်း သူ့ခြေစွမ်းပိုင်းတွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်လို့နေပါတယ်။

Photo Credit : Goal

အသက်(၁၈)နှစ်သာရှိသေးတဲ့ အင်္ဂလန်လူငယ်ကစားသမားလေးဆာခါဟာ လာမယ့် ၂၀၂၁ခုနှစ်မှာပဲ သူရဲ့အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်တာကြောင့် အာဆင်နယ်ဘက်ကနေ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရဖို့အတွက် (၅)နှစ်သက်တမ်းရှိ နှစ်ရှည်စာချုပ်တစ်ရပ်ကို ကမ်းလှမ်းထားပေမယ့်လည်း အခုချိန်ထိတော့ ကစားသမားဘက်ကနေ သက်တမ်းတိုးမယ့် အရိပ်အယောင်ကို မမြင်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်ရဲ့ ဘယ်ခြမ်းခံစစ်နေရာမှာ ကိုလာစီနက်အပြင် ဒီရာသီမှ အသင်းကို ရောက်ရှိထားတဲ့ တီယာနေးပါ ရှိနေတဲ့အတွက် နေရာလုရဖွယ်ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။

Photo Credit : The Emirate of Kop

ဒီလိုအခြေအနေတွေရှိနေတဲ့ ဘယ်ခြမ်းကစားသမားလေး ဆာခါကို လီဗာပူးလ်အသင်းကနေ စောင့်ကြည့်လို့နေပြီး တကယ်လို့ အာဆင်နယ်နဲ့ သက်တမ်းမတိုးဖြစ်နိုင်ဘူးဆိုရင်တော့ လာမယ့်နွေစျေးကွက်မှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဘယ်ခြမ်းခံစစ်မှာ ရောဘတ်ဆန်လို ကစားသမားကောင်းမျိုးကို ပိုင်ဆိုင်ထားပေမယ့် ရေရှည်စီမံကိန်းအတွက်ဆိုရင်တော့ ဆာခါလို ဆယ်ကျော်သက်ကစားသမားမျိုးကို မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။ အာဆင်နယ်ကတော့ ဆာခါလို ကြယ်ပွင့်ကစားသမားလေးကို အခုလို ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းတစ်သင်းဆီကို အလွယ်တကူ ရောင်းချလိုက်ရတာမျိုးမဖြစ်ချင်တာကြောင့် သက်တမ်းတိုးမှုကိုပဲ အရလုပ်ဆောင်ဖွယ်ရှိနေပါတယ်။ ဆာခါဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ(၁၉)ပွဲအထိတောင် ပါဝင်ကစားထားခဲ့ရပြီး ယူရိုပါလိဂ်နဲ့ အက်အေဖလားပြိုင်ပွဲတွေမှာ သွင်းဂိုး(၃)ဂိုး ရယူထားနိုင်ခဲ့ပါတယ်။