ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတဲ့ နယ်သာလန် ကွင်းလယ်လူ ဝစ်နယ်ဒန်ရဲ့ နေရာအတွက် ဂျာမန် ဘွန်ဒက်လီဂါ အသင်းတသင်း ဖြစ်တဲ့ ဂလာဘက်အသင်းရဲ့ ဂျာမန် လက်ရွေးစင် ကွင်းလယ်လူ နွိုင်းဟောက်စ်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေနဲ့ ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၄နှစ် အရွယ် ဂျာမန် လက်ရွေးစင် ကွင်းလယ်လူ နွိုင်းဟောက်စ်ဟာ ဗဟို ကွင်းလယ်နေရာနဲ့ ကွင်းလယ်တိုက်စစ် နေရာတို့မှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဂလာဘက်အသင်း အတွက် မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ဂျာမဏီ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရသူပါ။

Photo Credit: AS English

အရပ်အမောင်း မြင့်မားကာ ကစားအား ကောင်းတဲ့ နွိုင်းဟောက်စ်ဟာ ဝစ်နယ်ဒန်လိုပဲ တိုက်စစ် ၊ ခံစစ်ကို လျင်မြန်စွာ ကူးပြောင်း ကစားနိုင်စွမ်း ရှိသလို လိုအပ်ရင် သွင်းဂိုးတွေပါ သွင်းယူနိုင်စွမ်း ရှိတာကို ဂျာမဏီ လက်ရွေးစင်အသင်း အတွက် ၆ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းက သက်သေ ပြနေပါတယ်။ နွိုင်းဟောက်စ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဂလာဘက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ အထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၈ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် လီဗာပူး အသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်က နွိုင်းဟောက်စ်ဟာ ဝစ်နယ်ဒန်ရဲ့ နေရာကို အကောင်းဆုံး အစားဝင်နိုင်တဲ့ ကွင်းလယ်လူ တဦး အဖြစ် ရှုမြင်နေပါတယ်။

Photo Credit: AS English

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ နွိုင်းဟောက်စ်ကို သူတို့အသင်းရဲ့ နွေရာသီ ထိပ်သီး ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်ထားပြီး နွိုင်းဟောက်စ်ကို မခေါ်ယူမီ နောက်ဆုံးအဆင့် အကဲဖြတ်မှု အဖြစ် ယူရို ၂၀၂၀ပြိုင်ပွဲမှာ သူ့ရဲ့ ခြေစွမ်းကို စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။ ဂလာဘက်အသင်း ကတော့ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်ရှိနေသေးတဲ့ နွိုင်းဟောက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင် ရမှသာ ရောင်းချဖို့ စဉ်းစားနေပြီး လီဗာပူးအသင်း ကတော့ နွိုင်းဟောက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားကြောင်း မာဆေးဆိုဒ် ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။