ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဥရောပရဲ့ ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို အရယူနိုင်ခဲ့သလို လက်ရှိဘောလုံး ရာသီမှာလဲ ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ် ဖလားတို့ကို အရယူနိုင်ခဲ့တဲ့ လီဗာပူးအသင်း ကတော့ သူတို့အသင်းကို စနစ်တကျ တည်ဆောက်မှုတွေ ပြုလုပ်နေတဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာတော့ သူတို့အသင်းရဲ့ ကစားသမား အင်အားကို တိုးတက်စေဖို့အတွက် ဘာစီလိုနာအသင်းမှာ မကြာခဏဆိုသလို ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလာတယ်လို့ သိရပါတယ်။ လီဗာပူးအသင်း နည်းပြ ကလော့ပ်ဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ အတွက် အစဉ်အဆက် ကြိုးပမ်းခဲ့သူ တစ်ဦး ဖြစ်ပြီး ဘာစီလိုနာအသင်းဘ​က်က ဒမ်ဘီလီကို ရောင်းထုတ်ဖို့ စဉ်းစားလာတဲ့ အချိန်မှာ အခုလို ကမ်းလှမ်းမှု ပြုလုပ်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Express.com

လီဗာပူးအသင်းဟာ လက်ရှိမှာ ဆာလက် ၊ မာနေး ၊ ဖာမီနို ၊ အော်ရီဂီစတဲ့ တိုက်စစ်မှူး လေးဦးကို ပိုင်ဆိုင်ထားပေမယ့် အနည်းငယ် အသက်အရွယ်ရလာတဲ့ ဖာမီနိုနဲ့ ပုံမှန်ခြေစွမ်း မရှိတဲ့ အော်ရီဂီကြောင့် တိုက်စစ်မှူးတစ်ဦးကို ထပ်မံခေါ်ယူဖို့အတွက် စဉ်းစားနေတာဖြစ်ပြီး လစ်ဇက်အသင်းတိုက်စစ်မှူး တီမိုဝါနာနဲ့ ဘာစီလိုနာအသင်းက ဒမ်ဘီလီတို့ဟာ သူတို့အသင်းရဲ့ ဦးစားပေးပစ်မှတ် ကစားသမားတွေပဲ ဖြစ်ပါတယ်။ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ လီဗာပူးအသင်းဟာ ဒမ်ဘီလီကို ရောင်းချနိုင်မလားဆိုပြီး ဘာစီလိုနာအသင်းထံ ဆက်သွယ် မေးမြန်းထားကြောင်း သိရပြီး ဘာစီလိုနာအသင်းဘက်ကတော့ သူတို့အလိုရှိတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေပါက ဒမ်ဘီလီကို ရောင်းချမှာ ဖြစ်တယ်လို့ အကြောင်းပြန်ခဲ့တယ် လို့ သိထားရပါတယ်။

Photo Credit: Express.com

ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းထံကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပေမယ့် အသင်းကို ရောက်တဲ့ အချိန်ကတည်းက မကြာခဏဆိုသလို ဒဏ်ရာ ရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေရဲ့ စိတ်ပျက်မှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပြီး ကလော့ပ်ကတော့ ဒမ်ဘီလီ မကြာခဏ ဒဏ်ရာရနေရတာဟာ ဘာစီလိုနာအသင်း ဆေးအဖွဲ့ရဲ့ ပေါ့လျော့မှုတွေကြောင့်လို့ ယူဆထားပါတယ်။ ဥရောပအပြောင်းအရွှေ့ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ လီဗာပူးအသင်းဟာ ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင်၈၀သန်း ဝန်း​ကျင် အသုံးပြုရဖို့ ရှိနေကြောင်း သိရပြီး လီဗာပူးမြို့ အခြေစိုက် သတင်းဌာနတွေကလည်း လီဗာပူးဟာ ဒမ်ဘီလီကို ခေါ်နိုင်ဖို့ ပြောင်းရွှေ့ကြေး ပေါင်၈၀သန်း သုံးမယ်လို့ ဖော်ပြရေးသားထားကြပါတယ်။ ဒမ်ဘီလီဟာ ယခုနှစ်ဘောလုံးရာသီ လာလီဂါ ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းအတွက် ၅ပွဲသာ ပါဝင်ကစားပေးထားနိုင်သူဖြစ်ကာ ၁ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။