ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက အကယ်၍သာ သူတို့အသင်းရဲ့ နည်းပြချုပ် ကလော့ပ်က နည်းပြရာထူး ကနေ နုတ်ထွက်သွားခဲ့ရင် ကလော့ပ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အသင်းရဲ့ ကွင်းလယ်လူဟောင်း အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားထားကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် နေးလ်ဂျုံးက အခိုင်အမာ ဆိုလာပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖလား ၄လုံး အောင်မြင်မှု ရဖို့ နီးစပ်ခဲ့တဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်တွေ အတော်လေး ဆိုးဝါးနေခဲ့ပြီး ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ကို လက်လွှတ်ထားရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပွဲစဉ်(၂၂) အပြီးမှာ အဆင့်၁၀နေရာ အထိ ရောက်ရှိနေပါတယ်။ ဒါ့အပြင် လီဗာပူးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ပွဲမှာ နိုင်ပွဲ ၁ပွဲသာ ရခဲ့ပြီး ၂ပွဲ သရေကျကာ ၄ပွဲ အထိ ရှုံးနိမ့်ခဲ့ကာ အဆိုပါ ၇ပွဲမှာ သွင်းဂိုးကလည်း ၅ဂိုးသာ သွင်းယူနိုင်ခဲ့သလို ပေးဂိုး ၁၃ဂိုး အထိ ရှိခဲ့ပါတယ်။

Photo Credit: Express

ရလဒ်တွေ တောက်လျှောက် ဆိုးဝါးလာတာကြောင့်ပဲ လီဗာပူးနည်းပြ ယာဂင် ကလော့ပ်က ရာထူးကနေ နုတ်ထွက်တော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ပယ်လ်မာရဲ့ အဆိုအရ လီဗာပူးပိုင်ရှင် ဖြစ်တဲ့ FSGက ကလော့ပ်အပေါ် ယုံကြည်မှု အပြည့် ရှိနေသေးပေမယ့် ကလော့ပ်ကတော့ ရလဒ်ဆိုးတွေကိုသာ မရပ်တန့်နိုင်ရင် အသင်းနည်းပြရာထူး ကနေ နုတ်ထွက်ဖို့ စဉ်းစားထားပြီး လာမယ့် ရက်သတ္တပတ်တွေဟာ ကလော့ပ်ရဲ့ လီဗာပူးနည်းပြဘဝကို အဆုံးအဖြတ် ပေးမယ့် ရက်သတ္တပတ်တွေ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ လီဗာပူးရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ရလဒ်ပိုင်း ပြန်လည် တိုးတက်လာစေမယ့် နည်းလမ်းတွေကို စတင် ရှာဖွေနေပြီး တာဝန်ရှိသူ တချို့က အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဂျာရတ်ကို ယာဂင် ကလော့ပ်ရဲ့ လက်ထောက်နည်းပြ အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြသလို တချို့ကလည်း ကလော့ပ်သာ ထွက်သွားရင် ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြသစ် တဦး အလျင်အမြန် ခန့်အပ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

Photo Credit: Express

လီဗာပူးရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သလို လီဗာပူးနဲ့လည်း နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် နေးလ်ဂျုံးရဲ့ ဖော်ပြချက်အရ လီဗာပူးဟာ ကလော့ပ်ရဲ့ နေရာအတွက် ဆက်ခံသူ အဖြစ် ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်နဲ့အတူ အဆင်ပြေနေတဲ့ အသင်းရဲ့ ကွင်းလယ်လူဟောင်း အလွန်ဆိုကို ခန့်အပ်ဖို့ မျက်စိကျနေပြီး ဂျာရတ် တယောက် ဗီလာနဲ့အတူ အဆင်မပြေခဲ့မှုက အလွန်ဆိုကို နည်းပြသစ် အဖြစ် ရွေးချယ်စေမယ့် အဓိက အကြောင်းအရင်း တခု ဖြစ်နေကြာင်း သိရှိရပါတယ်။

လီဗာပူး ကွင်းလယ်လူဟောင်း ဇာဘီ အလွန်ဆိုက ၂၀၂၂ခုနှစ် ၊ အောက်တိုဘာလ ၅ရက်နေ့မှ စတင်ကာ လေဗာကူဆင်ကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ လေဗာကူဆင်က ပြိုင်ပွဲစုံ ၁၄ပွဲ ကစားထားရာ ၆ပွဲနိုင် ၃ပွဲသရေ ၅ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားကာ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အဆင့်၁၀နေရာမှာ ရပ်တည်နေနိုင်ပါတယ်။