ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် ပြင်ဆင်မှု တရပ် အဖြစ် လာမယ့် နွေဈေးကွက် အတွင်းမှာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗန်ဘက်ကို ခေါ်ယူဖို့ စီစဉ်နေပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေဟာ ဂရာဗန်ဘက်ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

လီဗာပူးက ကွင်းလယ်ပိုင်းမှာ ဟန်ဒါဆန် ၊ အယ်ကန်တာရာ ၊ ဖာဘင်ဟို ၊ နာဘီကီတာ ၊ အာသာ(အငှား) ၊ ကာတစ်ဂျုံးစ် ၊ အဲလိယက် ၊ ကာဗယ်လ်ဟို ၊ ဘာ့ချ်စီတစ် ၊ ချိန်ဘာလိန်နဲ့ မီလ်နာတို့လို ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့က အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်နေပြီး ကာတစ်ဂျုံးစ် ၊ အဲလိယက် ၊ ကာဗယ်လ်ဟိုနဲ့ ဘာ့ချ်စီတစ်တို့ကလည်း ခြေစွမ်းတည်ငြိမ်မှု နည်းပါးနေသေးသလို အာသာ ၊ နာဘီကီတာ ၊ ချိန်ဘာလိန်နဲ့ မီလ်နာတို့က အသင်းနဲ့ အနာဂတ် မရေရာပါဘူး။

Photo Credit: Mirror

ဒါကြောင့်ပဲ လီဗာပူးနည်းပြ ကလော့ပ်နဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ အနည်းဆုံး ကွင်းလယ်လူ ၂ဦးနဲ့ အများဆုံး ကွင်းလယ်လူ ၃ဦး အထိ ခေါ်ယူဖို့ စီစဉ်နေကြပြီး ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗန်ဘက်ကတော့ လီဗာပူးရဲ့ ထိပ်သီးပစ်မှတ်ပဲ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် နယ်သာလန် လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ဂရာဗန်ဘက်က ယခုနှစ် ဘောလုံးရာသီ အစကမှ နယ်သာလန် ထိပ်သီးကလပ် အေဂျက် ကနေ ဘိုင်ယန်မြူးနစ်ဆီ ယူရို ၁၈သန်းထဲနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဂရာဗန်ဘက်က အေဂျက်မှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိချိန်မှာတော့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Football Transfer

ဂရာဗန်ဘက်က ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ချိန်မှာ လုံလောက်တဲ့ ကစားခွင့် ရမယ် ဆိုတဲ့ ကတိကို ရခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက သူ့ကို ပွဲထွက်ခွင့် လုံလုံလောက်လောက် မပေးနိုင်တာကြောင့် လာမယ့် နွေဈေးကွက်မှာ အသင်းပြောင်းဖို့ တာစူနေသူ ဖြစ်ပြီး လီဗာပူးနဲ့ သူ့ရဲ့ ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်တို့က သူ့ကို ခေါ်ဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးက ဂရာဗန်ဘက်ကို တခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဂရာဗန်ဘက်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဂရာဗန်ဘက်ကလည်း ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားချင်နေကြောင်း သိရပါတယ်။