MySport Myanmar

ကလော့ပ်နဲ့ ရန်ဖြစ်ခဲ့ပေမယ့် ဆာလာကို အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်လိုက်တဲ့ လီဗာပူး

ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက ပြီးခဲ့တဲ့ စနေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၂-၂ လီဗာပူး ပွဲစဉ်မှာ အသင်းရဲ့ နည်းပြချုပ် ယာဂင် ကလော့ပ်နဲ့ ကွင်းဘေးစည်းမှာ စကားများခဲ့တဲ့ ကြယ်ပွင့် တိုက်စစ်မှူး မိုဟာမက် ဆာလာကို လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းချသွားမှာ မဟုတ်ပဲ အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၁နှစ် အရွယ် အီဂျစ်ကြယ်ပွင့် တိုက်စစ်မှူး မိုဟာမက် ဆာလာက ၂၀၁၇ခုနှစ်မှာ ရိုးမား ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၄၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက လီဗာပူးဆီ ရောက်ရှိပြီးနောက် သူမတူတဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Sky Sports

မိုဟာမက် ဆာလာက ၇နှစ်တာ ကာလအတွင်းမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၃၄၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၁၀ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၈၈ကြိမ် ရရှိထားပြီး သူက ကလော့ပ်ရဲ့ အယုံကြည်ရဆုံး တပည့်တွေထဲမှာ ပါဝင်ပါတယ်။

ကလော့ပ်နဲ့ ဆာလာတို့က ရင်းနှီးတဲ့ ဆရာတပည့် ဆက်ဆံရေး ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ သူတို့နှစ်ဦးကြားထဲ အဖုအထစ်တွေ ရှိလာခဲ့ကာ ပြီးခဲ့တဲ့ စနေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၂-၂ လီဗာပူး ပွဲစဉ်မှာလည်း ဆာလာက သူ့ကို လုံလောက်တဲ့ ကစားခွင့် မပေးခဲ့တဲ့ ကလော့ပ်နဲ့ အချင်းများခဲ့ပါတယ်။

Photo Credit: Football 365

ကလော့ပ်နဲ့ ဆာလာတို့က လူမြင်ကွင်းမှာတင် စကားများခဲ့တာကြောင့် သူတို့ရဲ့ရန်ပွဲက ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပြီး လီဗာပူးရဲ့ ပရိသတ်အများစုက အသင်းရဲ့ နည်းပြချုပ်ကို မလေးမစား လုပ်ခဲ့တဲ့ ဆာလာအား ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ဖို့ တောင်းဆိုနေကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ လီဗာပူးက လက်ရှိမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဘေးချိတ်ပြီး ဆာလာကို အသင်းမှာ အနည်းဆုံး ၁ရာသီ ဆက်ထားဖို့ ဆုံးဖြတ်လိုက်သလို ဆာလာကလည်း သူတို့အသင်းမှာပဲ ဆက်နေလိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရှိရပါတယ်။

Exit mobile version