ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းကို ဒီနှစ်ဘောလုံးရာသီမှာ အဓိကအနှောင့်အယှက် ပြုနေတာကတော့ ဒဏ်ရာပြသာနာတွေပဲဖြစ်ပါတယ်။ ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာကနေ အစပျိုးလာခဲ့တဲ့ လီဗာပူးလ်ရဲ့ဒဏ်ရာကျိန်စာထဲမှာ ဂျိုးဂိုးမက်ဇ် အာနိုး ဖာဘင်ဟို အယ်လီဆန် ဟန်ဒါဆန် သီယာဂိုတို့အထိ တသီတသန်းကြီးကို ပါဝင်ခဲ့သလို အခုလည်း အသင်းအတွက် အားအကိုးရဆုံး ကစားသမားဖြစ်နေတဲ့ ဂျိုတာပါ အဲ့ဒီဒဏ်ရာကျိန်စာစာရင်းထဲကို ပါဝင်သွားခဲ့ရပြန်ပြီဖြစ်ပါတယ်။

Photo Credit : Daily Express

ဒီနှစ်ဘောလုံးရာသီကမှ ဝုလ်ဗ်အသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အသက်(၂၄)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဒီယိုဂိုဂျိုတာဟာ မစ်ဂျေးလန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ပါဝင်ကစားခဲ့ရင်းနဲ့ ဒူးဒဏ်ရာကို ရရှိသွားခဲ့တာဖြစ်လို့ ဒီနေ့ညမှာ ကစားသွားရမယ့် ဖူလ်ဟမ်နဲ့ပွဲအပါအဝင် လာမယ့်နှစ်လအတွင်း ကစားသွားရမယ့် ပွဲစဉ်တွေအားလုံးကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ ဂျိုတာဟာ မစ်ဂျေးလန်းနဲ့ပွဲမှာ ပွဲစကတည်းနေ ပါဝင်ခဲ့ရတာဖြစ်ပြီး ပွဲအတွင်း ထိခိုက်မိထားတဲ့ ဒဏ်ရာပြသာနာကြောင့်သာ ဒုတိယပိုင်း ပွဲကစားချိန် (၈၇)မိနစ်မှ မာနေးနဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Daily Mail

လီဗာပူးလ်အသင်းဟာ ဒီပွဲစဉ်မတိုင်ခင် အေဂျက်စ်နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အနိုင်ယူထားခဲ့လို့ နောက်တစ်ဆင့်ကို တတ်လှမ်းထားခဲ့ရပြီဖြစ်ပေမယ့်လည်း လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကတော့ ဆာလာ အာနိုး ဖာဘင်ဟို ဂျိုတာတို့လို အသင်းရဲ့ အမာခံကစားသမားတွေကို အနားမပေး အသုံးပြုလာခဲ့လို့ ပရိသတ်များစွာရဲ့ ပြစ်တင်ပြောဆိုမှုကို ခံထားရသလို အခုလို ဂျိုတာပါ ဒဏ်ရာရသွားခဲ့တာကြောင့် အသင်းပရိသတ်တွေဘက်က အလွန်စိတ်ပျက်နေကြမှာ သေချာပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီဇင်ဘာလအတွင်းမှာ ပရီးမီးယားလိဂ်ပွဲပေါင်း(၅)ပွဲကို ဆင်နွဲရမှာဖြစ်ပြီး ပွဲအများစုက သူတို့အသင်းအတွက် လွယ်ကူနိုင်ပေမယ့် ဒီရာသီမှာ ချန်ပီယံဆုအတွက် အဓိကစိန်ခေါ်နိုင်မယ့် အသင်းဖြစ်နေတဲ့ စပါးအသင်းနဲ့လည်း ရင်ဆိုင်ရဦးမှာဖြစ်လို့ အသင်းမှာ ဒဏ်ရာပြသာနာများနေခြင်းက အသင်းအတွက် အနည်းနဲ့အများ ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းဟာ ဒဏ်ရာပြသာနာဆိုးတွေရဲ့ နှိပ်စက်မှုအောက်ကနေပဲ ရှိတဲ့လူအင်အားနဲ့ ဟန်မပျက်ပဲ အကောင်းဆုံးရှေ့ဆက်နေနိုင်တာမို့ လာမယ့်ဆောင်းရာသီစျေးကွက်မှာတောင် အသင်းအတွက် ကစားသမားဖြည့်တင်းမှုတွေ လုပ်ဆောင်မှာမဟုတ်ဘူးလို့ နည်းပြအဖွဲ့ဝင်တစ်ဦးကနေ ပြောဆိုလို့ထားပါတယ်။