မိုဟာမက်ဆာလာ ဆာဒီယိုမာနေး ရောဘတ်တိုဖာမီနိုနဲ့ ဒီယေဂိုဂျိုတာတို့လို အရည်အသွေး မြင့်မားလှတဲ့ တိုက်စစ်ကစားသမားကောင်းတွေ ရှိနေကြတဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နေရာတစ်နေရာ ရရှိဖို့အတွက် ခက်ခဲလျက်ရှိနေတဲ့ တိုက်စစ်ကစားသမား ဒီဗေါ့အော်ရီဂီကို လက်ရှိအချိန်မှာ အီတလီစီးရီးအေရဲ့ ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ အေစီမီလန်နဲ့ အတ္တလန်တာအသင်းတွေကနေ ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေတယ်လို့ အီတလီအခြေစိုက် Tuttomercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : OLT News

အသသက်(၂၇)နှစ်အရွှယ် ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား အော်ရီဂီဟာ ၂၀၁၄ခုနှစ်ကမှ လိုင်လီအသင်းကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာပဲ လိုင်လီအသင်းဆီ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ရသလို ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာလည်း ဝုလ်ဖ်ဘတ်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါသေးတယ်။ အော်ရီဂီဟာ လက်ရှိမှာ သူရဲ့ လီဗာပူးလ်ကစားသမားဘဝ သတ္တမမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရတာ ဖြစ်ပေမယ့်လည်း အသင်းအတွက် သူပါဝင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံပွဲပေါင်းက (၁၆၇)ပွဲသာ ရှိထားခဲ့သလို ပွဲအများစုမှာလည်း အရန်အဖြစ်နဲ့သာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

အော်ရီဂီဟာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ နေရာတစ်နေရာ ရရှိဖို့ ရုန်းကန်နေရသူ ဖြစ်ပေမယ့်လည်း သူ့ကို ကစားခွင့်ပေးတဲ့ အချိန်တိုင်းမှာ အသင်းအတွက် အရေးပါလှတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တဲ့ Super Sub Hero တစ်ယောက်ဖြစ်လို့ အခုချိန်ထိ အသင်းက သူ့ကို ဆက်လက်ထိန်းသိမ်းထားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အော်ရီဂီအနေနဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းနဲ့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့် ရရှိရေးအတွက် ကလပ်အသင်းမှာ ပွဲကစားခွင့်တွေ လိုအပ်နေတာကြောင့် လာမယ့် စျေးကွက်အတွင်းမှာပဲ အသင်းအပြောင်းအလဲ လုပ်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ အော်ရီဂီကို စီးရီးအေ ထိပ်တန်းကလပ် အေစီမီလန်အသင်းကနေ စိတ်ဝင်စားလျက် ရှိလို့နေပြီး ကစားသမားဘဝကနေ အနားယူရဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဘရာဟီမိုဗစ်ရဲ့နေရာအတွက် အစားထိုးသွားချင်နေပါတယ်။ ဒါပေမယ့် အော်ရီဂီကို မီလန်နဲ့အပြိုင် နောက်ထပ် စီးရီးအေ နာမည်ကြီးကလပ် အတ္တလန်တာအသင်းကပါ အပြိုင်အအဆိုင် စိတ်ဝင်စားလျက် ရှိနေပြီး လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကတော့ အသင်းအတွက် အကျိုးပြုမှုတွေ ရှိခဲ့တဲ့ အော်ရီဂီကို အငှားစာချုပ်နဲ့သာ လက်လွတ်ဖွယ်ရှိနေပြီး အပြီးသတ် ရောင်းချမှုတော့ ပြုလုပ်ဖွယ် မရှိနိုင်ကြောင်း သိရှိရပါတယ်။