ယနေ့မနက်မှာ ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် လီဗာပူးအသင်းဟာ ချန်ပီယံအသင်း တစ်သင်းမှာ ရှိရမယ့် ခြေစွမ်းကောင်းတွေကို ပြသ သွားခဲ့ပြီး လေးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲကို ရရှိခဲ့ပါတယ်။ အန်ဖီးလ် ကွင်းကြီးထဲမှာ ကစားရတဲ့ အဆိုပါပွဲစဉ်ဟာ လီဗာပူးအသင်းအတွက် ချန်ပီယံဖြစ်ဖို့ အမှတ် လိုအပ်နေတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်သလို ခရစ္စတယ် ပဲလေ့စ်အသင်း အတွက်လည်း တန်းဆင်းဇုန် အန္တရာယ်ကနေ ရုန်းကန်ဖို့အတွက် အမှတ် လိုအပ်နေတဲ့ ပွဲစဉ်ဖြစ်တာကြောင့် ပွဲဟာ အကြိတ် အနယ် ရှိလာမယ့် ပွဲစဉ်ဖြစ်တယ်လို့ ဘောလုံး သုံးသပ်သူတွေက သုံးသပ်ခဲ့ကြပေမယ့် တကယ့် ပွဲထဲ ရောက်တဲ့အချိန်မှာတော့ လီဗာပူးအသင်း ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို တရစပ် ဖိအားပေး ကစားသွားခဲ့ပါတယ်။

Photo Credit: Standard

လီဗာပူးအသင်းဟာ အဆိုပါပွဲစဉ်မှာ မာနေး ၊ ဆာလက် ၊ ဖာမီနိုစတဲ့ နာမည်ကျော် သုံးဦးတွဲ တိုက်စစ်ကို အသုံးပြုခဲ့သလို ကွင်းလယ်နဲ့​ ခံစစ် မှာလည်း အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်း ကလည်း သူတို့အသင်း အားထားရတဲ့ ကစားသမားတွေ ဖြစ်တဲ့ ဇာဟာ ၊ တောင်ဆန် ၊ အယူး တို့ကို အသုံးပြုကာ လီဗာပူးအသင်းဘက်ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ ကြိုးစားမှုဟာ မအောင်မြင်ခဲ့ပါဘူး။ လီဗာပူးအသင်း ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကို ပွဲစ ​၊ ပွဲဆုံး ဖိအားပေး ကစားသွားခဲ့ပြီး ပထမပိုင်းမှာ သွင်းဂိုး ၂ဂိုး ၊ ဒုတိယပိုင်းမှာ သွင်းဂိုး ၂ဂိုး ရရှိခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ ပထမပိုင်း သွင်းဂိုး ၂ဂိုးကိုတော့ ပွဲကစားချိန် ၂၃မိနစ်မှာ အာနိုးလ်နဲ့ ၄၄မိနစ်မှာ ဆာလက်တို့က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

 

ဒုတိယပိုင်း ပွဲချိန်အတွင်းမှာတော့ လီဗာပူး အသင်းအတွက် သွင်းဂိုး ၂ဂိုးကို ပွဲချိန် ၅၅မိနစ် မှာ ဖာဘင်ဟိုနဲ့ ၆၈မိနစ်မှာ မာနေးတို့က သွင်းယူပေးခဲ့ကြတာပါ​။ လီဗာပူးအသင်းဟာ အဆိုပါ ပွဲမှာ သွင်းဂိုးတွေ များစွာ သွင်းယူနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုနဲ့ ပွဲကိုလွှမ်းမိုးမှုတွေမှာလည်း ခရစ္စတယ်ပဲလေ့စ် အသင်းထက် အများကြီး သာလွန်ခဲ့တယ်လို့ သိရပါတယ်။ လီဗာပူး အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၃% အထိ ရရှိခဲ့ပြီး အခွင့်အရေး ၁၄ကြိမ်အထိ ဖန်တီးနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၂၇%သာ ရှိခဲ့သလို အခွင့် အရေး ဖန်တီးမှုကလည်း ၂ကြိမ်သာ ရှိခဲ့ပါတယ်။ အထူးခြားဆုံး အချက်ကတော့ ပဲလေ့စ် အသင်းဟာ လီဗာပူးအသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ တစ်ဖက်အသင်းရဲ့ ဂိုးဧရိယာထဲမှာ ဘောလုံးထိခွင့် တစ်ကြိမ်တောင် မရခဲ့ဘူး လို့ သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်း ဟာ လီဗာပူးအသင်းဘက်ကို ဂိုးပေါက်ကန်သွင်းမှု ၃ကြိမ် ပြုလုပ်ခဲ့ပေမယ့် အဆိုပါ ၃ကြိမ်စလုံး ဟာ ဂိုးဧရိယာ အပြင်ဘက်ကနေ ကန်သွင်းတဲ့ ကန်ချက်တွေပဲ ဖြစ်ပါတယ်။