လီဗာပူးလ်အသင်းဟာ အခုနှစ်နွေစျေးကွက်အတွင်းမှာ သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကို ခေါ်ယူနိုင်ဖို့အတွက် အသုံးစရိတ်လိုအပ်နေတာကြောင့် အသင်းက နယ်သာလန်ကွင်းလယ်ကစားသမားဖြစ်သူ ဝိုင်နယ်ဒန်ကို ဘာစီလိုနာအသင်းဆီ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ပြီဖြစ်တယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Empire of the Kop

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမား သီယာဂိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖလား(၃)လုံးအထိ ရယူထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပေမယ့်လည်း သူနဲ့ ဘိုင်ယန်နဲ့ကြားမှာ စာချုပ်သက်တမ်းကတော့ (၁)နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး အသင်းနဲ့လည်း လမ်းခွဲဖို့အထိ ဆုံးဖြတ်ချက်ချထားသူဖြစ်ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ သီယာဂိုကို လီဗာပူးလ်ဘက်ကနေ ခေါ်ယူသွားဖို့ ကြိုးပမ်းနေခဲ့ပေမယ့်လည်း ဘိုင်ယန်ဘက်က သတ်မှတ်ထားတဲ့ သီယာဂိုရဲ့ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ကို လီဗာပူးလ်ဘက်ကနေ ပေးချေသွားဖို့ တွန့်ဆုတ်နေတာကြောင့် အပြောင်းအရွှေ့အထမြောက်ဖို့က ကြန့်ကြာနေရတာဖြစ်ပါတယ်။

Photo Credit : This is Anfield

ဒီလိုကြန့်ကြာနေတဲ့အချိန်မှာ သီယာဂိုကို မန်ချက်စတာယူနိုက်တက်အသင်းကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တာကြောင့် လီဗာပူးလ်အနေနဲ့ သီယာဂိုကို လက်မလွတ်ရဖို့အတွက် ဘာစီလိုနာအသင်းကနေ စိတ်ဝင်တစားရှိလို့နေတဲ့ သူတို့အသင်းရဲ့ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို ရောင်းချပြီး အသုံးစရိတ်ရှာဖွေဖွယ် ရှိနေပါတယ်။ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်မှာလည်း လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း(၁)နှစ်သာ ကျန်ရှိတော့တာဖြစ်သလို အသင်းနဲ့ကလည်း စာချုပ်သက်တမ်းတိုးဖို့က ကြန့်ကြာနေတာဖြစ်လို့ ဒီအခြေအနေကို ဘာစီလိုနာဘက်ကနေ စောင့်ကြည့်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့နည်းပြသစ် ရော်နယ်ကိုးမန်းနဲ့ ဝိုင်နယ်ဒန်တို့ဟာ နယ်သာလန်လက်ရွေးစင်အသင်းမှာ အလုပ်တွဲလုပ်ခဲ့ဖူးသူတွေဖြစ်ပြီး ကိုးမန်းကလည်း ဝိုင်နယ်ဒန်ကို နယ်သာလန်အသင်းရဲ့ပွဲစဉ် တော်တော်များများမှာ အသင်းခေါင်းဆောင်တာဝန်ကိုပါ အမြဲပေးအပ်ခဲ့ပါသေးတယ်။ လက်ရှိမှာလည်း ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ပိုင်းမှာ ရာကီတစ်နဲ့ ဗီဒယ်တို့ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာကြောင့် သူတို့ရဲ့နေရာအတွက် ဝါရင့်နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်နဲ့ အစားထိုးသွားဖို့ ကိုးမန်းက ပစ်မှတ်ထားနေတာဖြစ်ပါတယ်။