အခုနှစ် နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက ကစားသမား ဆာဒီယိုမာနေးကို ဘိုင်ယန်မြူးနစ်အသင်းဆီက လက်လွတ်ထားခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ မာနေးရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ မိုဟာမက်ဆာလာကိုပါ ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)တည်းနဲ့ ထပ်မံလက်လွတ်သွားဖွယ် ရှိနိုင်တယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : The Sun
ဗြိတိန်နာမည်ကျော် The Sun သတင်းစာရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းပိုင်ရှင်တွေဟာ အသင်းရဲ့ အရေးအပါဆုံး ကစားသမားဖြစ်သူ မိုဆာလာကို အခုနှစ် နွေဈေးကွက်အတွင်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)လောက်နဲ့ လက်လွတ်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ အခုလို သတင်းထွက်လာခဲ့တဲ့ အီဂျစ်တိုက်စစ်ကစားသမား မိုဆာလာကို ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားလို့နေပြီး ရီးယဲလ်ကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဆာလာလို ထိပ်တန်းကစားသမားကောင်းမျိုးကို အလိုရှိနေပါတယ်။
Photo Credit : Sports Mole
မကြာသေးခင်ကမှ ဘင်ဖီကာအသင်းရဲ့ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ကို ခေါ်ယူထားနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ နူနက်ဇ်ကို ခေါ်ယူပြီးနောက်မှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား မာနေးကို ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းနဲ့ ပြန်လည်ရောင်းချဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း မာနေးလိုပဲ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ဆာလာကိုပါ သက်တမ်းတိုးဖို့က မလွယ်ကူတာကြောင့် အခုနှစ်နွေမှာပဲ ပေါင်သန်း(၆၀)လောက်နဲ့ လက်လွတ်သွားဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ လက်ရှိ တစ်ပတ်ကို ပေါင်(၂၄၀၀၀၀)ထိ ရရှိနေတဲ့ ဆာလာဟာ အသင်းနဲ့ ထပ်မံသက်တမ်းတိုးဖို့အတွက် တစ်ပတ်ကို ပေါင်(၄၀၀၀၀၀)လောက် အလိုရှိနေပေမယ့်လည်း လီဗာပူးလ်ဘက်ကတော့ အဲ့ဒီပမာလောက် ပေးချေသွားဖွယ် မရှိတာကြောင့် ဆာလာအနေနဲ့လည်း လီဗာပူးလ်မှာ သူရဲ့စာချုပ် ကုန်ဆုံးထိသာ ဆက်နေပြီး စာချုပ်ကုန်ဆုံးချိန်မှသာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားချင်နေတာ ဖြစ်ပါတယ်။ ဆာလာဟာ ၂၀၁၇ခုနှစ်ကမှ ရိုးမားအသင်းကနေ လီဗာပူးလ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လီဗာပူးလ်နဲ့ (၅)ရာသီ ဖြတ်သန်းပြီးနောက်မှာ ချန်ပီယံလိဂ် ပရီးမီးယားလိဂ် အပါအဝင် ဆုဖလားတွေအားလုံး ရရှိပိုင်ဆိုင်ခဲ့ပြီး တစ်ဦးချင်း အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။