လက်ရှိမှာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် အခြေအနေမျိုးကို ပြန်လည် ရောက်ရှိလာခဲ့ရတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ လာမယ့် ဧပြီလအတွင်းမှာပဲ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ထိပ်တိုက်ရင်ဆိုင်ရတော့မှာ ဖြစ်သလို (၁၂)ရက်တာ ကာလအတွင်းမှာပဲ (၄)ကြိမ်လောက်အထိ ဆုံတွေ့ရဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အကြိတ်အနယ် ဖြစ်နေရတဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ လာမယ့် ဧပြီ(၉)ရက်နေ့မှာပဲ မန်စီးတီးရဲ့ အိမ်ကွင်း Eithad ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တွေ့ဆုံကြမှာဖြစ်ပြီး ဒီဆုံတွေ့မှုက အသင်းနှစ်သင်းရဲ့ အမှတ်ပေးချန်ပီယံဆုအတွက် မျှော်လင့်ချက်တွေကို အရှိန်အမြင့်ဆုံးအဖြစ် မြင့်တင့်ပေးနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဒီအသင်းနှစ်သင်းဟာ ပရီးမီးယားလိဂ်မှာသာမကဲ (၁၂)ရက်တာ ကလအတွင်းမှာပဲ (၄)ပွဲလောက်အထိကို ထိပ်တိုက်တွေ့ဆုံနိုင်တဲ့ အခြေအနေတေတွ ရှိနေရပါတယ်။

Photo Credit : The Sun

မန်စီးတီးရော လီဗာပူးလ်အသင်းရောဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ အဝေးကွင်း ဂိုးပြတ်နိုင်ပွဲတွေ ကိုယ်စီရရှိထားတာမို့ နောက်တစ်ဆင့် တတ်လှမ်းဖို့က သေချာသလောက် ရှိနေတဲ့အပြင် ကွာတားဖိုင်နယ်အဆင့်မှာလည်း နိုင်ငံတူ ကလပ်အသင်းတွေနဲ့ ထိပ်တိုက်ဆုံခွင့် မရှိဘူးဆိုတဲ့ ကန့်သတ်မှုတွေလည်း မရှိတော့တာကြောင့် ကွာတားဖိုင်နယ်အတွက် မဲခွဲရာမှာ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံသွားနိုင်ပါတယ်။ တကယ်လို့သာ တိုက်တိုက်ဆိုင်ဆိုင် ချန်ပီယံလိဂ်မှာပါ ဆုံရမယ်ဆိုရင် ဧပြီ(၅/၆)ရက်နေ့မှာ ကွာတားဖိုင်နယ် ပထမအကျော့ ဧပြီ(၉)မှာ ပရီးမီးယားလိဂ်ပွဲနဲ့ ဧပြီ(၁၂/၁၃)မှာ ကွာတား ဒုတိယအကျော့တို့ကို ဆက်တိုက်ဆုံရဖွယ် ရှိနေပါတယ်။ ဒါတွေတင် မကသေးပဲနဲ့ လီဗာပူးလ်ရော မန်စီးတီးရောဟာ အက်အေဖလား ပဥ္စမအဆင့်မှာပါ ပြိုင်ဘက်တွေကို အသီးသီး ကျော်ဖြတ်လာခဲ့နိုင်လည်း အက်အေဖလား ကွာတားဖိုင်နယ်မှာ ထပ်မံဆုံရနိုင်ပြီ်း ဧပြီ(၁၆/၁၇)ရက်မှာ ကစားရနိုင်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာသာ ချန်ပီယံဆုအတွက် အပြိုင်အဆိုင် ဖြစ်နေရတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ ရက်ပိုင်းအတွင်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် တခြားပြိုင်ပွဲတွေမှာပါ ထပ်မံဆုံကြဦးမလား ဆိုတာကိုတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရမှာပါ။