တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့ပြီးနောက် အခုလက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးက နေရာဒေသတချို့ထိ ကူးစက်ပျံနှံလျက်ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ် Covid-19 ဂယက်ကြောင့် ဥရောပဘောလုံးပြိုင်ပွဲတချို့ကို ရပ်နားရွေ့ဆိုင်းမှုတွေ ပြုလုပ်လာကြသလို ကွင်းအတွင်းမှာ ပွဲကြည့်ပရိသတ်တွေတောင် မပါဝင်ပဲ ကွင်းပိတ်ကျင်းပတာမျိုးတွေလည်း ပြုလုပ်လာခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ဂယက်က ပိုမိုပြီးကြီးထွားလာခဲ့တာကြောင့် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲအတွင်းမှာပါ လိုအပ်ရင် ကွင်းပိတ်ကစားမှုတွေ လုပ်ဆောင်လာဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Getty Image

လက်ရှိမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့တာဝန်ရှိသူတွေက ရှေ့လာမယ့်ပြိုင်ပွဲတွေအတွင်းမှာ ပရိသတ်တွေ ပါဝင်ခြင်းမရှိပဲ ကျင်းပသွားဖို့ကိစ္စအတွက် ဆွေးနွေးတိုင်ပတ်လျက်ရှိကာ လက်ရှိမှာတော့ တာဝန်ရှိသူတွေက ပရီးမီးယားလိဂ်ပွဲတွေအတွင်း ကစားသမားအချင်းချင်း လက်ဆွဲနှုတ်ဆက်ခြင်းကိုသာ တားမြစ်ထားလျက်ရှိပါတယ်။ တကယ်လို့သာ ကွင်းပိတ်ကစားဖို့ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်ကနေ သတ်မှတ်လိုက်မယ်ဆိုရင်တော့ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့်နေ့ကို ပရိသတ်တွေမပါဝင်ပဲ အောင်ပွဲခံရဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

လီဗာပူးလ်အသင်းဟာ အမှတ်ပေးလိဂ်ချန်ပီယံဆုနဲ့ လွဲချော်နေခဲ့ရတာဟာ အနှစ်၃၀တောင်လောက်အထိ ကြာမြင့်နေပြီဖြစ်ပြီး ဒီရာသီအတွင်း အကောင်းဆုံးသောစွမ်းဆောင်ရည်တွေကြောင့် ပရီးမီးယားလိဂ်ဆုဖလားကို ပိုင်ဆိုင်ရရှိနိုင်ဖို့ နီးစပ်လျက်ရှိနေကာ မနေ့ညက မန်ချက်စတာဒါဘီမှာ မန်စီးတီးအသင်း ရှံးပွဲတွေ့ခဲ့ရလို့ အခုဆိုရင် လီဗာပူးလ်ဟာ ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ဖို့ ၂ပွဲသာ အနိုင်ရဖို့ လိုအပ်ပါတော့တယ်။ ဒါ့အပြင် မန်စီးတီးအသင်းဟာ ဒီကြားရက်မှာ ကစားရဦးမယ့် အာဆင်နယ်နဲ့ပွဲ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)အဖြစ် ကစားရမယ့် ဘန်လေနဲ့ပွဲတွေမှာပါ ထပ်ပြီးရှံးပွဲတွေ တွေ့ရဦးမယ်ဆို လီဗာပူးလ်အသင်းက ဘာနိုင်ပွဲမှ မလိုအပ်တော့ပဲ ချန်ပီယံဖြစ်သွားမှာဖြစ်လို့ ဒီလိုချန်ပီယံဖြစ်နိုင်ဖို့ နီးစပ်နေတဲ့ ကာလအတွင်းမှာ ဗိုင်းရပ်စ်ဂယက်ကြောင့် ပွဲတွေကို ကွင်းပိတ်ကျင်းပရမယ်ဆိုရင် လီဗာပူးလ်ပရိသတ်တွေ လီဗာပူးလ်အသင်းသားတွေအတွက် နစ်နာမှုဖြစ်လာစေနိုင်ပါတယ်။