လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်းရဲ့ နည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုကို ခေါ်ယူနိုင်ဖို့အတွက် လေဗာကူဆင် တာဝန်ရှိသူတွေနဲ့ အလွန်ဆို အေးဂျင့် အင်နာကီ အီဘာနက်ဇ်တို့ကို တိုက်ရိုက် ဆက်သွယ်မှုတွေ စတင် လုပ်ဆောင်လာခဲ့ပြီလို့ ဂျာမနီ နာမည်ကြီးသတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးလ် နည်းပြကြီး ယာဂင် ကလော့ပ်က လီဗာပူးလ်အသင်းအတွက် တကယ့်ကို အရေးပါလှတဲ့ နည်းပြကြီးတစ်ဦးဖြစ်ပြီး ၂၀၁၅ခုနှစ်ကနေ ၂၀၂၄ခုနှစ်အထိ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား ဥရောပစူပါဖလား အစရှိတဲ့ အဓိက ဆုဖလားများကို ဆွတ်ခူးစေနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ကလော့ပ်က ဒီရာသီအကုန်မှာ သူ့အနေနဲ့ လီဗာပူးလ်အသင်းကနေ စွန့်ခွာသွားတော့မယ်လို့ ရုတ်တရက် အသိပေးလာချိန်မှာတော့ အားလုံး shock ရသွားခဲ့ရပြီး လီဗာပူးလ်အနေနဲ့ကလည်း ကလော့ပ်လို ပဲ့ကိုင်ရှင်ကြီး နေရာမှာ အစားထိုးဖို့အတွက် အသေအချာ စဉ်းစားရှာဖွေလာခဲ့ပါတယ်။

ကလော့ပ် ထွက်ခွာတော့မယ်လို့ တရားဝင် အသိပေးခဲ့ပြီးနောက်ပိုင်းမှာ လီဗာပူးလ်နဲ့ သတင်းစထွက်လာခဲ့တာက လီဗာပူးလ် ကစားသမားဟောင်း ဇာဘီ အလွန်ဆိုသာဖြစ်ပြီး အလွန်ဆိုကလည်း ဒီရာသီ လေဗာကူဆင်မှာ အတော်လေး ရှယ်ကြမ်းနေတာကြောင့် လီဗာပူးလ် ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်။

Photo Credit : Goal

အခုလည်း ဂျာမနီ သတင်းစာ Blid ရဲ့ နာမည်ကြီး သတင်းထောက် ခရစ္စတီယန် ဖော့ခ် ဖော်ပြထားတဲ့ သတင်းမှာ လီဗာပူးလ်ဘက်က ကလော့ပ်နေရာမှာ အလွန်ဆိုနဲ့ အစားထိုးနိုင်ဖို့အတွက် အလွန်ဆိုရဲ့အေးဂျင့်ဖြစ်သူနဲ့ရော လေဗာကူဆင်အသင်းနဲ့ပါ တိုက်ရိုက် ချိတ်ဆက်နေပြီလို့ သိရပါတယ်။

လေဗာကူဆင်အသင်းဘက်ကတော့ သူတို့နည်းပြ အလွန်ဆိုက လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး အသင်းမှာပဲ စာချုပ်သက်တမ်းကာလ ၂၀၂၆ခုနှစ်အထိ ဆက်ရှိနေလိမ့်မယ်လို့ ယုံကြည်ထားသလို တစ်ဖက်ကလည်း ဘိုင်ယန်ကပါ လီဗာပူးလ်နဲ့အပြိုင် အလွန်ဆိုကို အလိုရှိနေပြန်ပါတယ်။