ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးက ယခု နွေဈေးကွက် အတွင်းမှာ အာဂျင်တီးနား ကွင်းလယ်လူ အယ်လစ္စတာနဲ့ ဟန်ဂေရီ ကွင်းလယ်လူ ဆိုဘော့ဇလိုင်းတို့ကို ခေါ်ယူထားနိုင်ပေမယ့် သူတို့ရဲ့ ကွင်းလယ်လူသစ် ရှာဖွေမှုတွေကို မရပ်တန့်သေးပဲ အခုတခါမှာ ဆောက်သမ်တန် လူငယ် ကွင်းလယ်ကြယ်ပွင့် လာဗီယာကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားနေကြောင်း သိရပါတယ်။

လီဗာပူးက ယခု နွေဈေးကွက်အတွင်းမှာ ရှိရင်းစွဲ ကွင်းလယ်လူတွေ ဖြစ်တဲ့ နာဘီကီတာ ၊ ချိန်ဘာလိန် ၊ မီလ်နာတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် ကွင်းလယ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Team Talk

ဒါကြောင့်လည်း လီဗာပူးက ယခု နွေဈေးကွက် အတွင်းမှာ ဘရိုက်တန် ကွင်းလယ်လူ အယ်လစ္စတာကို ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ၊ လိုက်ပ်ဇစ်ကွင်းလယ်လူ ဆိုဘော့ဇလိုင်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၅သန်း စုစုပေါင်း ပေါင် ၁၀၀သန်း ဝန်းကျင် အကုန်အကျခံကာ ကွင်းလယ်လူ ၂ဦး အထိ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

လီဗာပူးက ကွင်းလယ်လူ ၂ဦးကို ခေါ်ယူပြီးနောက် ကွင်းလယ်လူတွေ ထပ်မခေါ်တော့ဘူးလို့ ထင်ခဲ့ကြပေမယ့် လီဗာပူးရဲ့ တာဝန်ရှိသူတွေက ခံစစ်အားသန် ကွင်းလယ်လူ တဦးကို ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေကြပြီး လီဗာပူးရဲ့ ပစ်မှတ်ကတော့ ဆောက်သမ်တန် လူငယ်ကြယ်ပွင့် လာဗီယာပါပဲ။

Photo Credit: Goal

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် လူငယ် ကွင်းလယ်ကြယ်ပွင့် လာဗီယာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆောက်သမ်တန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ လူငယ် ကစားသမားလေး ဖြစ်ပြီး ဆောက်သမ်တန်က တန်းဆင်းသွားခဲ့ရပေမယ့် သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက ဆိုဘော့ဇလိုင်းရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ပြီးနောက် လာဗီယာရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့သလို ဆောက်သမ်တန်ရဲ့ တာဝန်ရှိသူတွေထံ ဆက်သွယ်ကာ လာဗီယာကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း အသိပေးခဲ့ပြီး ဆောက်သမ်တန်ဘက်က လာဗီယာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။