ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဆုဖလားအောင်မြင်မှုတွေနဲ့ ကင်းကွာခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ လာမယ့်ဘောလုံးရာသီသစ်မှာ အောင်မြင်မှုတွေ ပြန်လည်ရယူဖို့အတွက် ပြင်ဆင်လျက်ရှိနေပြီး နွေစျေးကွက်အတွင်းမှာပဲ လိုက်ပ်ဇစ်နောက်ခံကစားသမား ကူနတေးကို ခေါ်ယူထားခဲ့တဲ့အပြင် နောက်ထပ် ဘွန်ဒစ်လီဂါ ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ကင်စလေကိုးမန်းကိုပါ ခေါ်ယူချင်နေတယ်လို့ Sport1 ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : News in 24 English

အသက်(၂၅)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား ကင်စလေကိုးမန်းဟာ လက်ရှိမှာ ပြင်သစ်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကြီးမှာ ပါဝင်ဆင်နွဲလျက်ရှိနေပေမယ့် ယူရိုပြိုင်ပွဲအပြီးမှာပဲ သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သွားဖွယ် ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လတ်တလောမှာ ကိုးမန်ဟာ အနာဂတ်အခြေအနေတွေနဲ့ ပတ်သက်ပြီး ကောလဟာလတွေ ဆက်တိုက်ထွက်ပေါ်လျက် ရှိနေသလို ကိုးမန်းကိုယ်တိုင်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက်ကို အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလို့ ဆိုရမယ့် တိုက်စစ်မှူး လီဝန်ဒေါစကီး ရရှိလို့နေတဲ့ လစာပမာဏအတိုင်း ပေးချေမှုရှိမှသာ သက်တမ်းတိုးမှုကို လက်ခံသွားမယ်ဆိုပြီးပါ သတင်းထွက်နေပါသေးတယ်။

Photo Credit : Sky Sport

ဘိုင်ယန်မြူးနစ်အသင်းဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားဖြစ်သူ ကိုးမန်းကို ရောင်းထုတ်မသွားချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့် သတင်းတွေ ထွက်နေသလို လီဝန်ဒေါစကီးလို လစာမျိုးကို တောင်းဆိုမှုအပေါ် လက်ခံသွားဖွယ်တော့ မရှိနိုင်တဲ့အတွက် နွေစျေးကွက်အတွင်းမှာပဲ ကိုးမန်းကို ရောင်းချလာရနိုင်ပါတယ်။ ဘိုင်ယန်နဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ရှိလို့နေတဲ့ ကိုးမန်းဟာ အသင်းမှာ တစ်ပတ်ကို ယူရို(၁)သိန်းဝန်းကျင်ခန့်လောက် လုပ်ခလစာ ရရှိလို့နေပေမယ့် အသင်းရဲ့ လစာအမြင့်မားဆုံး ကစားသမား လီဝန်ဒေါစကီးလို တစ်ပတ်ကို ယူရို(၄)သိန်းလောက်အထိကို တူညီစွာ ရရှိချင်နေတာဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ကိုးမန်းကို လီဗာပူးလ်အသင်းဘက်ကနေ ခေါ်ယူသွားဖို့အတွက် ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ သတင်းတွေ ထွက်လို့နေပြီး ကစားသမားရဲ့ဖခင်ကိုယ်တိုင်ကလည်း သူရဲ့သားဖြစ်သူကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွားရောက်ကစားစေချင်နေပါတယ်။ အခုလို အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ ပြင်သစ်တောင်ပံကစားသမားအတွက် ဘိုင်ယန်ဘက်ကနေ ယူရိုသန်း(၆၀)လောက်အထိကို အလိုရှိနေပြီး ကိုးမန်းကိုလည်း လီဗာပူးလ်အသင်းအပါအဝင် ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်တို့ကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။