ပူပူနွေးနွေး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တဲ့ လီဗာပူးအသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာခွင့် ရရှိထားတဲ့ စပိန် ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာကို ခေါ်ယူဖို့ အတွက် ဘိုင်ယန်မြူးနစ် အသင်းဆီကို တရားဝင် စတင် ချိတ်ဆက်လာတယ်လို့ သိရပါတယ်။ အသက်၂၉နှစ်အရွယ် ဗဟို ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာ ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိသေးပေမယ့် စိန်ခေါ်မှူ အသစ်တွေကို ရင်ဆိုင် လိုတာကြောင့် ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာခွင့် တောင်းခံခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကလည်း အယ်ကန်တာရာရဲ့ တောင်းဆိုမှုကို လိုက်လျောကာ ထွက်ခွာခွင့် ပေးခဲ့ပါတယ်။

Photo Credit: Daily Mail

ကနဦး ရရှိထားတဲ့ သတင်းတွေ အရတော့ အယ်ကန်တာရာဟာ လီဗာပူးအသင်း နည်းပြ ဖြစ်သူ ဂျာဂင်ကလော့ပ်ရဲ့ လက်အောက်မှာ ကစားလိုနေတယ် လို့ သိထားရပြီး ကလော့ပ်ကလည်း အယ်ကန်တာရာကို ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းရဲ့ တာဝန်ရှိသူတွေ ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်း စုဖွဲ့မှုကို အားရနေတာကြောင့် အယ်ကန်တာရာကို ခေါ်ယူဖို့ စိတ်မဝင်စားဘူး လို့ ကနဦး သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ ဒါပေမယ့် ဂျာမန် နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ BILD ရဲ့ ဖော်ပြချက် အရတော့ လီဗာပူးအသင်းဟာ ယမန်နေ့ကပဲ အယ်ကန်တာရာကို ခေါ်ယူဖို့ အတွက် ဘိုင်ယန်မြူးနစ်အသင်းဆီ တရားဝင် ဆက်သွယ်ကာ လှုပ်ရှားမှုတွေ ပြုလုပ်လာတယ် လို့ သိထားရပါတယ်။

Photo Credit: Daily Mail

ဘိုင်ယန်မြူးနစ်အသင်းဘက် ကတော့ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်သေးတဲ့ ကွင်းလယ်လူ အယ်ကန်တာရာ အတွက် ပြောင်းရွှေ့ကြေး ယူရို၃၀သန်း အလိုရှိနေတယ် လို့ တရားဝင် ပြောကြားထားခဲ့ပြီး လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်း လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ အတွက် ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း က အသင့်ရှိနေပါတယ်။ အင်္ဂလန် သတင်းစာတွေရဲ့ ဖော်ပြချက် အရတော့ လီဗာပူးအသင်း ဟာ အယ်ကန်တာရာ အတွက် ဘိုင်ယန်မြူးနစ် အသင်းဆီ တရားဝင် ဆက်သွယ်လာတာဟာ အယ်ကန်တာရာကို ရရှိအောင် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဖြစ်ကြောင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း အလိုရှိနေတဲ့ ငွေကြေးကိုလည်း တစ်ခါထဲ ပေးချေသွားနိုင်ကြောင်း သိရှိရပါတယ်။