အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ လီဗာပူး အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား တစ်ဦး ဖြစ်သူ မိုဟာမက် ဆာလက် အနေနဲ့ အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီးတော့ လီဗာပူး အသင်းအနေနဲ့ ဆာလက် ကို ရောင်းချဖို့ အတွက် စဉ်းစားနေတယ်လို့ ဆာလက် ရဲ့ နိုင်ငံ လက်ရွေးစင်အသင်း ကစားဖော် ဟောင်းတစ်ဦးဖြစ်သူ မိုဟာမက် အဘောက်ထရစ်ကာ က ပြောဆိုလိုက်ပါတယ်။ အဘောက်ထရစ်ကာ က အသက် ၂၈ နှစ်ရှိပြီ ဖြစ်တဲ့ မိုဟာမက် ဆာလက် အနေနဲ့ မစ်ဂျေးလန်း နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တုန်းက အသင်းခေါင်ဆောင် လုပ်ခွင့်မပေးခဲ့တာနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြောင်း နဲ့ အသင်းမှာ မပျော်ရွှင်ရတဲ့ တခြား အကြောင်းအရင်းတွေလည်း ရှိနေသေးကြောင်း ဆိုပါတယ်။

Photo Credit: Express

“ ကျွန်တော် သူ့ကို လီဗာပူး အသင်းမှာ အခြေအနေ ဘယ်လိုရှိလဲဆိုပြီး ဖုန်းဆက်မေးတော့ သူ စိတ်ပျက်နေပုံရတယ်။ ဒါပေမယ့် အဲ့ဒါက ကွင်းအတွင်းမှာ သူ့ရဲ့ ခြေစွမ်းအပေါ်တော့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ဆာလက် လီဗာပူး မှာ မပျော်မရွှင်ဖြစ်နေတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ သူဘာလို့ မပျော်မရွှင်ဖြစ်နေလဲဆိုတဲ့ အကြောင်းအရင်း သူ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါက လျှို့ဝှက်ချက် ဖြစ်တာကြောင့် ကျွန်တော် လူအများရှေ့ မှာတော့ ပြောပြလို့ မရပါဘူး။ ဆာလက် စိတ်ပျက် နေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ မစ်ဂျေးလန်း နဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် မလုပ်ခဲ့ရလို့ပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။ ဆာလက် ကိုယ်တိုင်ကလည်း မစ်ဂျေးလန်း နဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင်လက်ပတ် မဝတ်ဆင်ခဲ့ရတာနဲ့ ပတ်သက်ပြီး အလွန် စိတ်ပျက်မိကြောင်း သတင်းမီဒီယာတွေရှေ့မှာ တရားဝင် ပြောကြားဖူးတာတွေလည်း ရှိပါတယ်။

Photo Credit: Express

အကယ်၍ လီဗာပူးသာ ဆာလက်ကို ရောင်းချဖြစ်ခဲ့ရင် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဘာစီလိုနာ အသင်းတို့က ခေါ်ယူဖို့ အသင့်ဖြစ်နေပြီးတော့ အဘောက်ထရစ်ကာ က သူ့ သူငယ်ချင်းဖြစ်သူကို စပိန်ကလပ် အသင်းကြီးတစ်သင်းဆီ ကို ပြောင်းရွှေ့စေချင်နေပါတယ်။ “ အကယ်၍ ဆာလက်သာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာက ကစားသမားတစ်ဦးဖြစ်နေပြီးတော့ လီဗာပူးမှာလို ခြေစွမ်းပြသနိုင်နေရင် သူ ဘော်လွန်းဒီအော်ဆု ကို ရရှိမှာ အသေအချာပါပဲ။ ကျွန်တော့်ရဲ့ အမြင်ကိုပြောရမယ်ဆိုရင် လီဗာပူး အနေနဲ့ ဆာလက် ကို စီးပွားရေးအရလကြည့်ပြီး ရောင်းဖို့ စဉ်းစားနေတယ်လို့ မြင်ပါတယ်။ ကျွန်တော်ကတော့ ဆာလက်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဆရာဝင် လုပ်သွားမှာ မဟုတ်ပါဘူး။ သူက ကျွန်တော့်အတွက် သူငယ်ချင်းတစ်ယောက်လိုကော၊ ညီတစ်ယောက်လိုကော ခင်ရတဲ့သူပါ။ သူ့အတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာ သူ ကိုယ်တိုင် သိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။