နှစ်(၃၀)လောက် ဝေးကွာနေတဲ့ အင်္ဂလန်အမှတ်ပေးချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ လက်ရှိမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း ထွက်ခွာထားခဲ့ရပြီဖြစ်လို့ လာမယ့်ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုတွေအပေါ်မှာ အာရုံစိုက်လုပ်ဆောင်ဖွယ်ရှိနေပြီး လက်ရှိမှာတော့ အသင်းရဲ့ခံစစ်ပိုင်းအတွက် ကစားသမားသစ်(၂)နှစ်ယောက်ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေတယ်လို့ ဗြိတိန်သတင်းစာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တဲ့ နောရစ်ချ်စီးတီးအသင်းရဲ့ ဘယ်နောက်ခံကစားသမားလေး ဂျာမာလူးဝစ်ကို ခေါ်ယူသွားဖို့ နီးစပ်လျက်ရှိနေပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၁၀)သန်းခန့်လောက် ပေးချေရဖွယ်ရှိနေပါတယ်။ အသက်(၂၂)နှစ်အရွှယ်ရှိ နောက်ခံအစွန်လူ ကစားသမားလေးဟာ သူရဲ့ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာ အထိုက်အလျောက် ခြေစွမ်းပြသနိုင်ခဲ့လို့ ပရီးမီးယားလိဂ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့တာဖြစ်ပြီး ဒီအသင်းတွေအားလုံးထက် ချန်ပီယံလီဗာပူးလ်အသင်းကနေ လက်ဦးမှု ရယူနိုင်ဖို့ အခြေအနေကောင်းနေတာဖြစ်ပါတယ်။

Photo Credit : The Sun

ဒီကစားသမားလေးကို ခေါ်ယူနိုင်ခဲ့ပြီဆိုရင်တော့ ရောဘတ်ဆန်ရဲ့နောက် ဒုတိယဦးစားပေးအဖြစ် ထည့်သွင်းသုံးစွဲဖွယ်ရှိနိုင်ပြီး ဇင်းနစ်အသင်းကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဝါရင့်ခရိုအေးရှားနောက်ခံလူကြီး ဒီဂျန်လိုဗရန်နေရာအတွက်ကိုလည်း ရီးရဲလ်ဘက်တစ်အသင်းရဲ့ နောက်ခံလူ အိုင်ဆာမန်ဒီနဲ့ အစားထိုးနိုင်ဖို့ နီးစပ်လို့နေပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အယ်ဂျီးရီးယားနောက်ခံကစားသမား မန်ဒီဟာ ၂၀၁၆ခုနှစ်ကတည်းက ဘက်တစ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နှစ်တိုင်းလိုလိုမှာ အသင်းရဲ့အမာခံကစားသမားအဖြစ် သတ်မှတ်ထားခံရသူလည်းဖြစ်ပါတယ်။ မန်ဒီကို ဘက်တစ်အသင်းက ရောင်းထုတ်မသွားချင်ပေမယ့်လည်း ကစားသမားရဲ့စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်လို့ မဖြစ်မနေ ရောင်းထုတ်ရတော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးကို ပေါင်(၉)သန်းလောက်နဲ့သာ သတ်မှတ်ရဖွယ် ရှိနိုင်ပါတယ်။ လီဗာပူးလ်က ဒီနောက်ခံလူ(၂)ယောက်ကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေသလို နောက်ထပ်ခံစစ်မှူးတွေဖြစ်တဲ့ ဘုန်းမောက်နောက်ခံလူ လီအော့ကယ်လီနဲ့ လိဒ်စ်ယူနိုက်တက်အသင်းမှာ ခြေစွမ်းကောင်းတွေပြသထားတဲ့ ဘရိုက်တန်နောက်ခံလူ ဘင်ဝှိုက်တို့ကိုလည်း ပစ်မှတ်ထားလျက်ရှိနေပါတယ်။ ဒါ့အပြင် မာနေးရဲ့အရင်းနှီးဆုံး ဆီနီဂေါအသင်းဖော်ဖြစ်တဲ့ ဝက်ဖိုဒ့်တောင်ပံကစားသမား အစ္စမိုင်လာဆားလ်ကိုလည်း ခေါ်ယူဖွယ်ရှိနေပါတယ်။