ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးဟာ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်နဲ့ အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် ကာဗယ်ဟိုကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ် ပေါ်တူဂီနွယ်ဖွား အင်္ဂလန် လူငယ်ကြယ်ပွင့် ကာဗယ်ဟိုဟာ ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားသူ တဦး ဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို တောင်ပံနှစ်ဖက်ကို ထွက်ကစားနိုင်တဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်လည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

ကာဗယ်ဟိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဖူလ်ဟမ်အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ လီဗာပူး အပါအဝင် ဥရောပ အသင်းကြီး အများစုက ကာဗယ်ဟိုကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေကြပြီး အဆိုပါအသင်းတွေ အနက် လီဗာပူးက ကာဗယ်ဟိုကို ခေါ်ယူဖို့ အတက်ကြွဆုံး လှုပ်ရှားနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးဟာ အသင်းရဲ့ အဓိက ကင်းထောက်တွေကို စေလွှတ်ကာ ကာဗယ်ဟိုကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး ကာဗယ်ဟို အတွက် လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းမှု တခုပါ ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။