လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမား(၂)ဦးဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမား မိုဟာမက် ဆာလာနဲ့ ဗဟိုနောက်ခံကစားသမား ဗာဂျီလ် ဗန်ဒိုက်တို့ဟာ လီဗာပူးလ်အသင်းမှာ (၂)နှစ်သက်တမ်းတိုး စာချုပ်သစ်တွေ ချုပ်ဆိုဖို့ အလွန်နီးကပ်နေပြီ ဖြစ်တယ်လို့ နာမည်ကျော် အားကစားမီဒီယာ The Athletic ကနေ ဖော်ပြလာပါတယ်။
ဒီကစားသမား(၂)ဦးစလုံးဟာ သူတို့ရဲ့ လက်ရှိစာချုပ်တွေရဲ့ နောက်ဆုံးလပိုင်းတွေကို ရောက်ရှိနေပေမယ့် ဆွေးနွေး ညှိနှိုင်းမှုတွေမှာ တိုးတက်မှုတွေ ရှိလာခဲ့ပြီး ဇွန်လ ၂၀၂၇ အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တွေ ချုပ်ဆိုတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Football365
The Athletic က ဒီဇင်ဘာ (၄)ရက်နေ့မှာ လီဗာပူးလ်အသင်းက ဗန်ဒိုက်ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြခဲ့ပေမယ့် အဲဒီအချိန်တုန်းက သူ့ရဲ့ မျှော်လင့်ချက်နဲ့ မကိုက်ညီသေးဘဲ စာချုပ်တန်ဖိုးနဲ့ သက်တမ်းနဲ့ပတ်သက်ပြီး သဘောတူညီမှု မရရှိသေးပါဘူး။
ဒါ့အပြင် The Athletic ကပဲ ဒီဇင်ဘာ ၈ ရက်နေ့မှာ လီဗာပူးလ်အသင်းက ဆာလာကို စာချုပ်သစ် ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အသက်(၃၂)နှစ်အရွယ် ကစားသမားဟာ အသင်းမှာ ဆက်နေမယ်ဆိုတဲ့ ယုံကြည်မှု အန်ဖီးလ်မှာ ရှိနေပေမယ့် သဘောတူညီမှု မရရှိသေးသလို နီးစပ်မှုလည်း မရှိသေးဘဲ သူ့ရဲ့ ရေရှည်အနာဂတ်နဲ့ပတ်သက်ပြီး မရေရာမှုတွေ ရှိနေပါသေးတယ်။
Photo Credit : Sky Sports
ဆာလာနဲ့ ဗန်ဒိုက်တို့ဟာ ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမား(၃)ဦးထဲက (၂)ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ ထရန့် အလက်ဇန္ဒား အာနိုးလ်ဖြစ်ကာ အာနိုးကို ရီးယဲလ် မက်ဒရစ်အသင်းက ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
လီဗာပူးလ်က အာနိုးကို ပြောင်းရွှေ့ကြေး မပါဝင်ဘဲ အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့်ြ့ပုရတော့မှာ ဖြစ်ပေမယ့် ဒီရာသီထဲ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေတဲ့ ဆာလာနဲ့ ဗန်ဒိုက်တို့ကို (၂)နှစ် စာချုပ်သစ် တိုးမြှင့်ချုပ်ဆိုနိုင်တော့မှာက အဆိုးထဲက အကောင်းလို့ ဆိုနိုင်ပါတယ်။ ဒီကစားသမားတွေက လာမယ့် တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်သွားဦးမှာ ဖြစ်ပါတယ်။