ယမန်နေ့ကမှ ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးဟာ ယနေ့မှာလည်း ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်ရဲ့ လူငယ်ကြယ်ပွင့် ကာဗယ်ဟိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၁၉နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် ကာဗယ်ဟိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဖူလ်ဟမ်နဲ့ အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ဖူလ်ဟမ်အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Photo Credit: Metro

၁၉ပွဲကစား ဂိုးပါဝင် ပတ်သတ်မှု ၁၁ကြိမ် ဆိုတဲ့ မှတ်တမ်းက ဆယ်ကျော်သက် ကစားသမား တဦး အတွက် မယုံနိုင်စရာကောင်းတဲ့ မှတ်တမ်း တခု ဖြစ်ပြီး ဒီလို ခြေစွမ်းကောင်းတွေကြောင့်ပဲ လီဗာပူးက ကာဗယ်ဟိုကို အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးဟာ ကာဗယ်ဟိုကို ခေါ်ယူဖို့ ဖူလ်ဟမ်နဲ့ တွေ့ဆုံ ဆွေးနွေးနေရာ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီး လီဗာပူးက ကာဗယ်ဟို အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇သန်း + အပိုဆုကြေးတွေ ပေးချေရဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Metro

ဖူလ်ဟမ်ကလည်း ကာဗယ်ဟိုကို လီဗာပူးထံ ရောင်းချဖို့ ဆုံးဖြတ်ထားပေမယ့် ကာဗယ်ဟိုကို လက်ကျန် ရာသီဝက် ကာလ တခုလုံး အငှားချပေးဖို့ လီဗာပူးထံ တောင်းဆိုထားပြီး လီဗာပူးက ကာဗယ်ဟိုကို ဖူလ်ဟမ်ထံ ရာသီဝက် အငှားချဖို့ သဘောတူထားကြောင်း လီဗာပူးနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။