နေမာလက်သစ်လေးလို့ တင်စားခေါ်ဆိုခံထားရတဲ့အထိကို ခြေစွမ်းကောင်းတွေ ပြသလို့ထားနိုင်တဲ့ ဘရာဇီးလူငယ်တိုက်စစ်မှူးလေး တဲလက်စ်မက်ဂနိုကို ဥရောကလပ်အသင်းကြီးတွေများစွာကနေ စိတ်ဝင်စားနေကြပေမယ့် အခုလက်ရှိမှာတော့ သူ့ကို လီဗာပူးလ်အသင်းဘက်ကနေ ခေါ်ယူသွားနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်လာခဲ့ပြီး မကြာခင်မှာပဲ သူရဲ့စီနီယာကြီးတွေဖြစ်တဲ့ ဖာမီနို အယ်လီဆန် ဖာဘင်ဟိုတို့ရှိရာ လီဗာပူးလ်အသင်းဆီကို ရောက်ရှိလာနိုင်တော့မယ်လို့ ဘရာဇီးသတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၁၈)နှစ်သာရှိသေးတဲ့ ဘရာဇီးလူငယ်တိုက်စစ်ကစားသမားလေး မက်ဂနိုဟာ ဘရာဇီးကလပ် ဗက်စ်ကိုဒါဂါးမားအသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဘရာဇီးယူ-၁၇အသင်းနဲ့အတူ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ဖူးသူလည်းဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းက ဥရောပကလပ်အသင်းများစွာ
ရဲ့စိတ်ဝင်စားခြင်းကို စတင်ရရှိလာခဲ့တဲ့ မက်ဂနိုကို ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့မေလကနေစတင်ပြီး ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ရာ အခုဆိုရင် မက်ဂနိုကိုစိတ်ဝင်စားနေတဲ့ အခြားအသင်းတွေထက် လီဗာပူးလ်က အခြေအနေအကောင်းဆုံး ဖြစ်လာခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Daily Star

မက်ဂနိုဟာ သူရဲ့ဗက်စ်ကိုဒါဂါးမားအသင်းနဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်တဲ့အပြင် စာချုပ်လျော်ကြေးကို ယူရို(၄၈)သန်းအထိ သတ်မှတ်ထားတာဖြစ်ပေမယ့် လက်ရှိမှာ ဗက်စ်ကိုဒါဂါးမားအသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေ ဆိုးရွှားလာခဲ့တာကြောင့် စာချုပ်လျော်ကြေးတန်ဖိုးထက် လျှော့ချပြီး ယူရိုသန်း(၂၀)လောက်နဲ့ပဲ ရောင်းချသွားတော့မှာဖြစ်လို့ ဒီတန်ကြေးက လီဗာပူးလ်အတွက် အတော်လေးကို အဆင်ပြေစေနိုင်ပါတယ်။ လီဗာပူးလ်အသင်းဟာ ကိုဗစ်ဂယက်ကြောင့် အခုနွေစျေးကွက်အတွင်းမှာ အသုံးစရိတ်များစွာ သုံးစွဲနိုင်ခြင်းမရှိတဲ့အတွက် အသင်းရဲ့အဓိကပစ်မှတ်ဖြစ်ခဲ့တဲ့ တိုက်စစ်ကစားသမား တီမိုဝါနာကို မခေါ်ယူနိုင်ခဲ့လို့ ဝါနာထက် အသက်လည်းငယ်ပြီး ပြောင်းရွှေ့ကြေးလည်း သက်သာနေတဲ့ လူငယ်တိုက်စစ်မှူးလေး မက်ဂနိုကို ခေါ်ယူဖို့ပဲ ဆုံးဖြတ်လာခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ အခုနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တစ်ယောက်သာ ခေါ်ယူအားဖြည့်ထားခဲ့ပြီး အိုလံပီယာကော့စ်အသင်းရဲ့ ဂရိလက်ရွေးစင် ဘယ်နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဆီမီကတ်စ်ကိုသာ ခေါ်ယူထားခဲ့ကာ တိုက်စစ်မှူးလေး မက်ဂနိုကတော့ အသင်းကို ရောက်ရှိလာမယ့် ဒုတိယမြောက် ကစားသမားသစ် ဖြစ်လာနိုင်ပါတယ်။