ပူပူနွေးနွေး ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူးအသင်း ကတော့ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံဘွဲ့ကို ကာကွယ် ထိန်းသိမ်း နိုင်ဖို့အတွက် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ကြိုးစားနေပြီး လက်ရှိမှာတော့ ဂျာမန် အင်အားကြီး အသင်း ဘိုင်ယန်မြူးနစ်ရဲ့ ကွင်းလယ်လူ အယ်ကန်တာရာကို ခေါ်ယူနိုင်ဖို့ အရမ်းကို နီးစပ်နေပြီ လို့ သိရပါတယ်။ လီဗာပူး အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန် ကွင်းလယ်လူ အယ်ကန်တာရာကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုလည်း ရရှိထားတယ်လို့ ဂျာမန်အခြေစိုက် နာမည်ကြီး သတင်းဌာနဖြစ်တဲ့ BILD ရဲ့ ဖော်ပြမှုအရ သိရှိ ရပါတယ်။

Photo Credit: Sports Bible

အသက်၂၉နှစ်အရွယ် စပိန်ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူ ဖြစ်သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကိုလည်း ငြင်းဆန်ထားတာကြောင့် ယခု နွေအပြောင်းအရွှေ့မှာသာ ဘိုင်ယန်မြူးနစ် အသင်းက အယ်ကန်တာရာကို မရောင်းချပါက လာမယ့် ဘောလုံးရာသီအကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာပါ။ သီယာဂို အယ်ကန်တာရာဟာ လက်ရှိ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်း အတွက် ဘွန်ဒက်လီဂါ ပွဲစဉ် ၂၄ပွဲ ပါဝင် ကစားပေးထားနိုင်ကာ ၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ရရှိထားခြင်း မရှိခဲ့ပေမယ့် သူ့ရဲ့ ဘောလုံးပေးပို့မှုတွေဟာ ရိုးရှင်းကာ တိုက်စစ်ပိုင်းအတွက် ထိရောက်မှု ရှိတာကြောင့် တိုက်စစ်အားသန် ကွင်းလယ်လူ မရှိတဲ့ လီဗာပူးအသင်းဟာ အယ်ကန်တာရာကို ခေါ်ယူဖို့အတွက် အကြိတ်အနယ် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Sports Bible

BILD သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ လီဗာပူးအသင်းဟာ အယ်ကန်တာရာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို အယ်ကန်တာရာရဲ့ ပေးချေရမယ့် ပြောင်းရွှေ့ကြေး အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးနေရာမှာလည်း တိုးတက်မှုတွေ ရှိနေတယ် လို့ သိရပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေ အရ လီဗာပူးဟာ အယ်ကန်တာရာ ကို ခေါ်ယူခွင့်ရဖို့ ယူရို၂၅သန်း ပေးချေမယ်လို့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်းနဲ့ ဘိုင်ယန် မြူးနစ်အသင်း ကတော့ အဆိုပါ ကမ်းလှမ်းမှုကို မဆိုင်းမတွ ပယ်ချခဲ့ကြောင်း သိရှိထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ အယ်ကန်တာရာ အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၄၀သန်း ဝန်းကျင်အထိ အလိုရှိနေပြီး လီဗာပူးမြို့ရဲ့ သတင်းဌာနတွေရဲ့ အဆိုအရတော့ လီဗာပူးအသင်းဟာ အယ်ကန်တာရာကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး အနေနဲ့ ယူရို၃၅သန်း ဝန်းကျင်အထိ ပေးချေဖို့ ဆန္ဒရှိနေကြောင်း သိရတာကြောင့် အယ်ကန်တာရာကို မကြာမီမှာပ​ဲ အပြီးသတ် ခေါ်ယူနိုင်လိမ့်မယ် လို့ သုံးသပ်လိုက်ရပါတယ်။