ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဖေဘီယို ကာဗယ်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား ကာဗယ်ဟိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဖူလ်ဟမ်အသင်းနဲ့ အတူ တောက်ပနေတဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းအတွက် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းထားနိုင်ပါတယ်။

Photo Credit: Metro

ကာဗယ်ဟိုဟာ တချိန်က ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဘာမင်ဂမ်အသင်းနဲ့ အတူ တောက်ပခဲ့ကာ လက်ရှိမှာ ဒေါ့မွန်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြနေတဲ့ ဘယ်လင်ဟမ်လို အကြောက်အလန့် ကင်းကာ တဦးချင်း စွမ်းဆောင်ရည် မြင့်မားတဲ့ ကစားသမား တဦး ဖြစ်ကြောင်း အင်္ဂလန် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ဖူလ်ဟမ်အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကာဗယ်ဟိုဟာ ညာခြေအားသန် ကစားသမား တဦး ဖြစ်ပြီး အလိမ်အခေါက် စွမ်းရည် မြင့်မားကာ အဆုံးသတ် ဂိုးသွင်းယူမှု အပိုင်းမှာလည်း သေသပ်တာကြောင့် အင်္ဂလန် ယူ-၁၉အသင်း အတွက် ရွေးချယ်ခံထားရသလို ဩဂုတ်လ အတွက် အကောင်းဆုံး လူငယ် ကစားသမားဆုကိုလည်း ရရှိထားသူပါ။

Photo Credit: Metro

ယခုအချိန်မှာတော့ ကာဗယ်ဟိုကို ခေါ်ယူဖို့ အတွက် ဥရောပ အသင်းကြီး အများစုက စောင့်ကြည့်နေကြပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ကာဗယ်ဟိုကို ခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေ စတင် လုပ်ဆောင်နေကြကာ ကာဗယ်ဟိုရဲ့ မိသားစုနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေတောင် ပြုလုပ်ထားကြကြောင်း သိရပါတယ်။

ကာဗယ်ဟိုဟာ ဖူလ်ဟမ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တာကြောင့် ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပြီး ကာဗယ်ဟိုလို အရည်အသွေးမြင့် လူငယ် ကစားသမားကို ဘယ်အသင်းက ပိုင်ဆိုင်သွားမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။