ယနေ့မနက်မှာ ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ချယ်လ်ဆီးအသင်းက မန်စီးတီးအသင်း ကို နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ပိုမို အလေးသာလာခဲ့ပါတယ်။ စတန်းဘရက်ဖို့ဒ်ကွင်းမှာ ကစားရတဲ့ အဆိုပါပွဲမှာ ချယ်လ်ဆီးအသင်းဟာ ပူလီဆစ် ၊ ဝီလီယံတို့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီးအသင်းကို အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်း ရဲ့ နိုင်ပွဲမှာ အမြတ်ထွက်သွားခဲ့တဲ့ အသင်း တစ်သင်းလည်း ရှိနေခဲ့ပါတယ်။ အဆိုပါအသင်း ကတော့ လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ခြွင်းချက်မရှိ အကောင်းဆုံးအသင်း ဖြစ်တဲ့ လီဗာပူးအသင်းပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့် အပြီးမှာတော့ လက်ကျန်ပွဲစဉ်တွေ အားလုံးကို အနိုင် ကစားရင်တောင်မှ လီဗာပူးအသင်း ရရှိထားတဲ့ ရမှတ်တွေကို ရရှိဖို့ မဖြစ်နိုင်တော့တာကြောင့် လီဗာပူးအသင်းဟာ နှစ်ပေါင်း၃၀ကြာ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင် ခဲ့တာပါ။

Photo Credit: Metro

အဆိုပါ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့မှုကြောင့် လီဗာပူးအသင်းရဲ့ ပရိသတ်တွေနဲ့ ကစားသမားတွေဟာ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ် ပြီးဆုံးသွားချိန်မှာပဲ နေအိမ်တွေမှာ အသီးသီး အောင်ပွဲခံခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က ပရီးမီးယားလိဂ် ဖလားကို ရခဲ့တာကြောင့် ပျော်ရွှင်ကြည်နူးနေကြတဲ့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန် နဲ့ လီဗာပူးနည်းပြ ကလော့ပ်တို့ရဲ့ ရင်ခုန်သံ စကားတွေကို ဖော်ပြပေးသွားချင်ပါတယ်။ ပထမဦးဆုံး ဖော်ပြပေးသွားမှာကတော့ လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ရင်ခုန်သံ စကားတွေပါပ​ဲ။

Photo Credit: Metro

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ရရှိမှုနဲ့ ပတ်သတ်ပြီး ဟန်ဒါဆန်က ” တကယ်ကို အံ့အားသင့်စရာ ကောင်းလွန်းပါတယ်။ အခုလိုမျိုး ဖလားရဖို့ ကျိန်းသေသွားတဲ့ အခိုက်အတန့်ကို မရောက်မချင်း ဖလားရမယ့်အကြောင်းကို မပြောဖို့ ကျွန်တော် မပြောချင်ခဲ့ပါဘူး။ အခုတော့ စောင့်ခဲ့ရတဲ့ အချိန်တွေက ကုန်ဆုံးသွားခဲ့ပါပြီ။ ကျွန်တော့်ရဲ့ အသင်းဖော်တွေ ၊ ပရိသတ် တွေနဲ့ အသင်းတစ်သင်းလုံးအတွက် ကျွန်တော် အရမ်းကို ပျော်ရွှင်နေပါတယ်။ ပြီးတော့ လီဗာပူးမြို့အတွက်ရောပေါ့။ အခုချိန်မှာ ကျွန်တော် က နည်းနည်းတော့ စိတ်လှုပ်ရှားနေပါတယ်။ ဒီခံစားချက်က အရမ်းကို အံ့အားသင့်ဖို့ ကောင်းတဲ့ ခံစားချက်တစ်ခုပါပဲ။ ကျွန်တော်တို့ ရရှိခဲ့တဲ့ အရာအတွက် အရမ်းကို ဂုဏ်ယူမိပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Metro

လီဗာပူးအသင်းရဲ့ နည်းပြ ဂျာဂင်ကလော့ပ် ကလည်း သူ့ရဲ့ ခံစားချက်တွေကို အခုလိုပဲ ပြောပြ လာခဲ့ပါတယ်။ ကလော့ပ်က ” ကံမကောင်းတာက အခုချိန်မှာ ဘာစကားတွေ ပြောရမလဲဆိုတာ ကျွန်တော် မသိတာပါပဲ။ တကယ့်ကို မယုံနိုင်စရာကောင်းပါတယ်။ ဒီခံစားချက်က ကျွန်တော် ကြိုတွေးထားတဲ့ အရာတွေထက်တောင် ပိုပါသေးတယ်။ ဒီအသင်းနဲ့ အတူ ချန်ပီယံဖြစ်လာခဲ့တာက တကယ်ကို မယုံကြည်နိုင်စရာ ခံစားချက်တွေကို ပေးပါတယ်။ ပြီးတော့ ကျွန်တော်တို့ကို အားပေးထောက်ခံ ခဲ့တဲ့ ကန်နီ(ဒဲဂလေ့ချ်)ရဲ့ ကျေးဇူးတွေကိုလည်း ပြန်သတိရမိပါတယ်။ ဒီဆုဖလားဟာ ခင်ဗျား အတွက်ပါ ကန်နီ။ ခင်ဗျားရဲ့အသင်းက လိဂ်ဖလားတစ်လုံး ရရှိဖို့အတွက် ခင်ဗျားက နှစ်ပေါင်း ၃၀ စောင့်ခဲ့ရပါတယ်။ ပြီးတော့ စတီဗီ(ဂျာရတ်) လည်း ပါပါတယ်။ စတီဗီဟာ ဒီလို အောင်မြင်မှုကို ရဖို့ အကြာကြီး စောင့်ခဲ့ရတဲ့သူပါ။ အခုလို အောင်မြင်မှုတွေ ရခဲ့တာက ခင်ဗျားရဲ့ စိတ်ရင်း စိတ်ထားကြောင့်ပါ ကန်နီ။ ပြီးတော့ စတီဗီ ကြောင့်လည်း ပါပါတယ်။ ကစားသမားတိုင်းက စတီဗီကို အတုယူခဲ့ကြပါတယ်။ ကျွန်တော့် အတွက် အသင်းရဲ့ ကြီးကျယ်တဲ့ သမိုင်းကြောင်း ကြောင့် ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင် ပေးရတာက လွယ်ကူခဲ့ပါတယ်။ ဒီတော့ ဒါက လုံးဝကို မယုံကြည်နိုင်စရာ ခံစားချက်ပါလို့ပဲ ပြောပါရစေ ” လို့ ဖွင့်ဟ ပြောပြခဲ့ပါတယ်။