လီဗာပူးလ်အသင်းဟာ ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှူး ဟူဂို အီကီတီကီကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါဆိုရင် သူတို့ဟာ ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် နယူးကာဆယ် အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့နဲ့ ပြိုင်ဆိုင်ရဖွယ်ရှိပါတယ်။
လီဗာပူးလ်ဟာ အသက်(၂၃)နှစ်အရွယ် ပြင်သစ် တိုက်စစ်ကစားသမား အီကီတီကီကို စိတ်ဝင်စားနေပြီး နယူးကာဆယ်က အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူရေး မရေမရာဖြစ်နေချိန်မှာ တိုက်စစ်ပိုင်း အားဖြည့်ဖို့အတွက် အီကီတီကီကို ကြိုးပမ်းနိုင်ခြေရှိနေပါတယ်။
Photo Credit : Football365
TBR Football ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိပြီးနောက် နည်းပြ အာနေး ဆလော့လက်အောက်မှာ နွေရာသီအပြောင်းအရွှေ့ ပြင်ဆင်မှုတွေ ဆက်လုပ်နေပြီး အီကီတီကီကို စိတ်ဝင်စားကြောင်း သတင်းထွက်ပေါ်နေပါတယ်။။ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြခဲ့တဲ့ ဖရန့်ဖတ်တိုက်စစ်မှူးကို လီဗာပူးလ်က အနီးကပ် စောင့်ကြည့်နေပြီး ဖရန့်ဖတ်က သူ့အတွက် ယူရို သန်း ၁၀၀ (ပေါင် ၈၆ သန်း)အထိ တောင်းဆိုနေတယ်လို့ သိရပါတယ်။
အီကီတီကီကို အာဆင်နယ် မန်ယူနိုက်တက်နဲ့ နယူးကာဆယ်တို့လို ပရီးမီးယားလိဂ်ကလပ် အများအပြားကလည်း စိတ်ဝင်စားနေကြပါတယ်။ လီဗာပူးလ်ရဲ့ အီကီတီကီကို ခေါ်ယူရေး ကြိုးပမ်းမှုဟာ နယူးကာဆယ်မှာ အီဆက်ခ်ရဲ့ အနာဂတ်အပေါ် မူတည်နိုင်ပါတယ်။ အီဆက်ခ်ကို လီဗာပူးလ်ရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပေမဲ့ အီဆက်ခ်ရဲ့ ပေါင်သန်း(၁၂၀) တန်ဖိုးဖြတ်သတ်မှတ်ထားတာကတော့ အဟန့်အတားတစ်ခု ဖြစ်နေဆဲပါ။ ဒါပေမဲ့ အပြောင်းအရွှေ့ဈေးကွက် နောက်ပိုင်းမှာ ဈေးနှုန်းလျှော့ချလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
Photo Credit : Liverpool Echo
လီဗာပူးလ်ဟာ အီကီတီကီရဲ့ နည်းစနစ်ပိုင်း အရည်အသွေးကို သဘောကျပြီး နည်းပြ ဆလော့ရဲ့ စနစ်အောက်မှာ ထိပ်တန်းတိုက်စစ်မှူးအဖြစ် တိုးတက်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ပြင်သစ်သားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ (၂၂)ဂိုးသွင်းယူပြီး (၁၂)ဂိုး ဖန်တီးပေးခဲ့တာကြောင့် ဥရောပတစ်လွှား ချီးကျူးခံခဲ့ရပါတယ်။ အန်ဖီးလ်ကနေ ဒါဝင် နူနက်ဇ်နဲ့ လူးဝစ် ဒီယက်ဇ်တို့ ထွက်ခွာဖွယ်ရှိနေတာကြောင့် အီကီတီကီကို တိုက်စစ်ပိုင်းကို ပြန်လည်လန်းဆန်းစေမယ့် ရေရှည်ရွေးချယ်မှုတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။
လီဗာပူးလ်ဟာ အီဆက်ခ်ရဲ့ နယူးကာဆယ်မှာ စာချုပ်အခြေအနေကို စောင့်ကြည့်ရင်း အီကီတီကီကို ဆက်လက်စောင့်ကြည့်သွားဖို့ မျှော်မှန်းထားပါတယ်။ ဖရန့်ဖတ်က သူတို့ရဲ့ တောင်းဆိုမှုတွေကို လျှော့ချမယ်ဆိုရင် ဒါမှမဟုတ် တခြားတိုက်စစ်မှူးပစ်မှတ်တွေ မရရှိနိုင်တော့ရင် အပြောင်းအရွှေ့ဆွေးနွေးမှုတွေ အရှိန်မြှင့်လာနိုင်ပါတယ်။ တရားဝင်ကမ်းလှမ်းမှုကတော့ မကြာခင်မှာ ဖြစ်လာဦးမှာမဟုတ်ပေမဲ့ လီဗာပူးလ်ဟာ ဒီအပြောင်းအရွှေ့အတွက် ဆွေးနွေးမှုထဲမှာ ခိုင်ခိုင်မာမာ ပါဝင်နေဆဲ ဖြစ်ပါတယ်။